အကြမ်းဖက်မှုကို အမြစ်ပါမကျန်ဝိုင်းဝန်းတိုက်ဖျက်

နေပြည်တော် နိုဝင်ဘာ ၉

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH နှင့် NUG တို့က တိုင်းပြည်အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်ဖြင့် သွေးထိုးမြှောက်ပင့် ထောက်ပံ့ပေးမှုများကြောင့် ပြည်တွင်းမှ အစွန်းရောက် များနှင့် အကြမ်းဖက်သမား PDF များက နိုင်ငံအတွင်း အချို့ဒေသများ၌ ဆန့်ကျင်ဘက် ပါတီဝင်များ၊ အစိုးရကိုထောက်ခံသူ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်မှု သတင်းများကို စိတ်မချမ်းမြေ့ဖွယ်ကြားသိနေရသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်သမားများ၏လက်ချက်ဖြင့် အပြစ်မဲ့ပြည်သူများ ရက်စက်စွာ သတ်ဖြတ်ခံရမှုများအနက် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ကာပေါင်းကျ ကျေးရွာအုပ်စု ကာပေါင်းကျကျေးရွာမှ ကိုယ်တွေ့ကြုံခဲ့ရသူ ရွာသူ ရွာသားများ၏ သတင်းစကားများကို ကြားသိရသဖြင့် များစွာစိတ်မကောင်းဖြစ်မိသည်။ ရွာမှငယ်ရွယ်သော ကလေးသူငယ် များနှင့် သက်ကြီးဘိုးဘွားပါမကျန် စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့သည်။ နှစ်ပေါင်းများစွာ အေးချမ်းစွာအတူနေထိုင်လုပ်ကိုင် စားသောက်ခဲ့ကြ သည့် ကျေးရွာသူ ကျေးရွာသားများ အချင်းချင်း မတူကွဲပြားသည့် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ဝါဒစွဲများကို အကြောင်းပြု၍ လူ့အသက် တစ်ချောင်းကို မညှာမတာရက်ရက်စက်စက် သတ်ဖြတ်ခြင်းများ ကျေးလက်များတွင် အဖြစ်များ နေသည်။

ယနေ့လက်ရှိ အစွန်းရောက်ဝါဒမှာ ပါတီကြီးတစ်ခု စတင်သန္ဓေတည်စဉ်ကတည်းက လက်ကိုင်သုံးစွဲခဲ့သော ဝါဒလမ်းစဉ်အဖြစ် ရှုမြင်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီ များအား စတင်အသိအမှတ်ပြုခဲ့သည့် ၁၉၈၉ ခုနှစ်ကာလမှစ၍ ၎င်းပါတီ ယနေ့ထိကိုင်စွဲ အသုံးပြုလျက်ရှိသော အလုံးစုံပျက်စီးရေး၊ ထိပ်တိုက်တွေ့ဆုံရေး၊ ငါနှင့်မတူငါ့ရန်သူဟူသော ဝါဒများဖြစ်သည်။ ဒီမိုကရေစီအခွင့်အရေးများကို အသုံးချပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ပြည်သူ များအား ဝါဒမှိုင်းတိုက်ခဲ့သည်။ အထူးသဖြင့် ဆင်ခြင်ဉာဏ်အားနည်းသော ကျေးလက်နေ ပြည်သူအချို့ကို စည်းရုံးနိုင်ခဲ့သည်။ ငါနှင့်မတူသူများအား ငါ့ရန်သူဟုသဘောထား၍ မြို့ပေါ်တွင် အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်သတ်ဖြတ်ခြင်း၊ ကျေးလက်ဒေသ အချို့တွင် လက်နက် လူအင်အားဖြင့် ရက်ရက်စက်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်လာကြသည်။

မြန်မာနိုင်ငံ၌ မြို့ပြနှင့်ကျေးလက်များတွင် နှစ်ပေါင်းများစွာ အေးချမ်းစွာ နေထိုင်လာရာမှ ယခုအခါ နိုင်ငံရေးပါတီတစ်ခုကို အကြောင်းပြု၍ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲကြသည်ကို တွေ့ရမည်။ ပြည်သူအချင်းချင်း အမုန်းပွားကြသည်ကို မြင်ရမည်။ ထို့နောက် စိတ်ဝမ်းကွဲပြား အမုန်းပွားကြရာမှ ပြည်သူအချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်သည်အထိ ကျူးလွန် လာကြသည်။ ထိုသို့ကျူးလွန်နိုင်အောင်လည်း အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH နှင့် NUG တို့က ပြည်ပနိုင်ငံမှ သွေးထိုးမြှောက်ပင့် ထောက်ပံ့ပေးနေသည်ကို တွေ့ရသည်။ ထိုသို့ မြှောက်ပင့်သွေးထိုး အားပေးမှုကြောင့် အသိမဲ့အကြမ်းဖက်သမားများသည် ဒုစရိုက် အမှုများကို လက်ရဲ ဇက်ရဲကျူးလွန်လာကြသည်။ ထိုသို့သတ်ဖြတ်မှုများကို မည်သည့်နိုင်ငံတကာ အဖွဲ့ အစည်း၊ မည်သည့် လူ့အခွင့်အရေးအဖွဲ့ကမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသားများသာ အပြစ်မဲ့ပြည်သူများအတွက် စိတ်မကောင်း ဖြစ်ရသည်။ ထိုမှားယွင်းသောဝါဒစွဲကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်သတ်ဖြတ်မှုများမှာ အတိုင်းအတာ တစ်ခုသာရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ ရှေးယခင်က အစွန်းရောက်ပါတီကြီး တစ်ခုက ပြုလုပ်ခဲ့ဖူးသည်။ အယူဝါဒစွဲပြင်းထန်သော အလံနီကွန်မြူနစ်ပါတီသည် ငါနှင့်မတူသူများကို သစ္စာဖောက်ဟုစွပ်စွဲကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ ပြည်တွင်းဆူပူသောင်းကျန်းသည့် အဖွဲ့အစည်းများတွင် ပထမဆုံး မတရားအသင်းအဖြစ် ကြေညာခြင်းခံခဲ့ရသည့် အလံနီကွန်မြူနစ်ပါတီသည် မြန်မာ့သမိုင်းတွင် ပြည်သူလူထုအား အကြမ်းဖက်ဝါဒနှင့် လူသတ်ဝါဒ ကျင့်သုံးခဲ့သည်။ ပါလီမန်ဒီမိုကရေစီခေတ် ပထစအစိုးရလက်ထက် ၁၉၆၀ ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့က ထီးလင်းမြို့နယ် ဆင်စွယ်ရွာ လူသတ်မှုသည် မြန်မာ့သမိုင်းတွင် အထင်အရှားကျန်ရစ်ခဲ့သည်။

အကြမ်းဖက်လူသတ်ဝါဒကို ကျင့်သုံးခဲ့သည့် အလံနီကွန်မြူနစ်ပါတီ၏ ဖျောက်ဖျက်၍မရသော ကြီးမားသောအမှားအယွင်း ဖြစ်သည်။ ဆင်စွယ်ရွာလူသတ်မှုသည် အလံနီကွန်မြူနစ်ပါတီ၏ အလွန်ခါးသီးလှသော ကျူးလွန်မှုဖြစ်သည်။ ဆင်စွယ်ရွာသာမက ကွန်မြူနစ်များ လွှမ်းမိုးသော နယ်မြေများရှိ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခဲ့ကြသည်။ ထို့အပြင် ၎င်းတို့၏ပါတီဝင် အချင်းချင်းကိုလည်း စွဲချက်အမျိုးမျိုးတင်၍ သတ်ဖြတ်ခဲ့ကြသည်ကို မြန်မာ့သမိုင်းတွင် သင်ခန်းစာယူဖွယ် တွေ့ရမည်ဖြစ်သည်။ ယခုအခါ တည်ဆဲပါတီကြီးတစ်ခုသည် အလံနီကွန်မြူနစ် ပါတီ၏လမ်းစဉ်နှင့် အလားတူကျင့်သုံးလာသည်ကို တွေ့ရသည်။ ၎င်းပါတီဝင် များနှင့် ဝန်းရံသူများသည် CRPH နှင့် NUG အဖွဲ့ ဖွဲ့စည်းကာ ပြည်တွင်းရှိ PDF နှင့် အကြမ်းဖက် သမားများအား မြှောက်ပင့်ထောက်ပံ့ အားပေးနေမှုများသည် အလံနီကွန်မြူနစ်ပါတီ လမ်းစဉ် အတိုင်းဖြစ်၍ မြန်မာပြည်မှအကြမ်းဖက်မှုများကို ပြည်သူများနှင့်လက်တွဲ၍ အမြစ်ပါမကျန် တွန်းလှန်တိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ