အကြမ်းဖက်မှုတွေထဲမှာ အဆိုးဝါးဆုံးဖြစ်တာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပါ။ အကြမ်းဖက်မှုတွေအားလုံးဟာ တစ်ခုနဲ့တစ်ခုဆက်သွယ် နေတာဖြစ်တဲ့အတွက်ဒါတွေကို မဖြစ်အောင် ကာကွယ်ရမှာဖြစ်ပါတယ်

( ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြ)

 

 

နေပြည်တော်  ၂၆  နိုဝင်ဘာ 

 

 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုကို မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နိုဝင်ဘာ ၂၅ ရက်မှ စတင် ကျင်းပလျက်ရှိပြီး အဆိုပါလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။

 

 

အဆိုပါ (၁၆)ရက်တာလှုပ်ရှားမှုနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များ၊ အမျိုးသမီး နှင့် ကလေးသူငယ် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးနေမှု အခြေအနေများ၊ အကြမ်းဖက်မှု ကာကွယ်ရေးဆောင်ရွက်မှုများနှင့် စပ်လျဉ်းပြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြ က “ (၁၆) ရက်တာ လှုပ်ရှားမှုကို တစ်ကမ္ဘာလုံးမှာ ၁၉၉၁ ခုနှစ်ကတည်း က စတင်လှုပ်ရှားခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ရည်ရွယ်ချက်တွေထဲမှာလည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်မှာ မည်သူမှ နောက်ချန်မနေခဲ့ရဆိုတဲ့အတိုင်း ဘယ်လိုပဲဖြစ်စေ ထိခိုက်လွယ်တဲ့အုပ်စုတွေ၊ ဒုက္ခရောက်နေတဲ့သူတွေ အားလုံးကို ချန်မထားခဲ့ဖို့လိုပါတယ်။ ကျွန်မ တို့ဌာနရဲ့ အဓိကတာဝန်ကတော့ လူမှုဝန်ထမ်း လုပ်ငန်းတွေဖြစ်တဲ့အတွက် ထိခိုက်လွယ်တဲ့ အုပ်စုတွေ၊ ကာကွယ်စောင့်ရှောက်ဖို့လိုတဲ့ အမျိုးသမီးတွေအတွက် အထူးသဖြင့် ဦးစားပေး ဆောင်ရွက်ရတာဖြစ်ပါတယ်။ 

 

 

“ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ ရည်ရွယ်ချက်တွေထဲမှာလည်း အမျိုးသမီး တွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ ကာကွယ်စောင့်ရှောက်ဖို့၊ အထူးသဖြင့် အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ အာဆီယံမှာလည်း အမျိုးသမီးနဲ့ကလေးသူငယ်များဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးမြှင့် တင်ရေးကော်မရှင်ဆိုတာ ၂၀၁၀ ခုနှစ်မှာ ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့အစည်းမှာ မြန်မာ နိုင်ငံက အမျိုးသမီး အခွင့်အရေးကိုယ်စားလှယ်၊ ကလေးသူငယ်အခွင့်အရေး ကိုယ်စား လှယ်အနေနဲ့လည်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက အာဆီယံ ဒေသတွင်းက အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ်မှာ အကြမ်းဖက်မှုပပျောက်ရေး ကြေညာချက်ကိုလည်း လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်” ဟု၎င်းက ဆက်လက်ပြောကြား သည်။

 

 

ဆက်လက်၍ “အာဆီယံ ဒေသတွင်းအမျိုးသမီးနဲ့ကလေးသူငယ်များအပေါ်မှာ အကြမ်းဖက်မှု ပပျောက်ရေး ဒေသတွင်းလုပ်ငန်းစီမံချက်ကိုလည်း ရေးဆွဲပြီးဖြစ်ပါတယ်။ ဒီစီမံချက်တွေ၊ ကြေညာချက်တွေအရလည်း တစ်ကမ္ဘာလုံးနဲ့အတူ မြန်မာနိုင်ငံကလည်း ပါဝင်ဆောင်ရွက် နေတာဖြစ်ပါတယ်။ 

 

 

"တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာလည်း (၁၆)ရက်တာလှုပ်ရှားမှုတွေကို အစိုးရ အဖွဲ့အစည်း တစ်ခုတည်းမဟုတ်ဘဲ အရပ်ဖက် အဖွဲ့အစည်း၊ မိတ်ဖက်အဖွဲ့အစည်းအားလုံး၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းအားလုံး ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ အကြမ်း ဖက်မှုလုပ်ရပ်တွေဆိုတာ ကြောက်မက်ဖွယ်ရာ အကောင်းဆုံးဖြစ်ပါတယ်။ ကလေးသူငယ် ဖြစ်ဖြစ်၊ အမျိုးသမီးအရွယ်ဖြစ်ဖြစ်၊ သက်ကြီးရွယ်အိုဖြစ်ဖြစ် ဒါတွေကို ရင်ဆိုင်ရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာအများကြီး ထိခိုက်ပါတယ်။ အကြမ်းဖက်မှုဆိုတာ ရုပ်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုရှိသလို၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်းရှိပါတယ်။ အဆိုးဝါးဆုံးဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တွေလည်းရှိပါတယ်။ အားလုံးဟာ တစ်ခုနဲ့တစ်ခုဆက်သွယ် နေတာဖြစ်တဲ့အတွက် ဒါတွေကို မဖြစ်အောင် ကာကွယ်ရမှာဖြစ်ပါတယ်။

 

 

"အမျိုးသမီးတစ်ယောက် ကလေးသူငယ်တစ်ယောက် အကြမ်းဖက်မှုခံရတာကို ကြား ရမြင်ရရင် အစိုးရဌာနပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ် ကာကွယ်ချင်ကြ တယ်၊ စိတ်ဆိုးကြတယ်၊ မခံစားနိုင်ဖြစ်ကြတယ်။ ဒါပေမယ့် ဒီလိုမခံစားနိုင်တဲ့ကိစ္စကို ဘယ်လိုတုန့်ပြန်ကြမလဲ။ ဒီတုန့်ပြန်မှုတွေကလည်း မှန်ကန်ဖို့လိုပါတယ်။ နည်းစနစ်မှန် ဖို့လိုပါတယ်။ ဒီတုန့်ပြန်မှုအားလုံးဟာ အကြမ်းဖက်မှုအပေါ်မှာ ထပ်ပြီးတော့ ဒုက္ခ မဖြစ်စေချင်ပါဘူး။ ဒါဟာအဓိကကျတဲ့တာဝန်ဖြစ်ပါတယ်။ အကြမ်းဖက်မှုဖြစ်ဖို့ အလား အလာရှိတယ်။ အန္တရာယ်ရှိတယ်ဆိုရင် ဘယ်လိုဝိုင်းဝန်း ကာကွယ်ကြမလဲဆိုတာ အရေးကြီးပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြ က ပြောသည်။ 

 

 

ဆက်လက်၍ ၎င်း က  “လူမှုဝန်ထမ်းပိုင်းနဲ့ဆိုင်တဲ့ ကိစ္စတွေအတွက် Help Line ဖုန်းနံပါတ် ၀၆၇-၄၀၄၂၂၂၊ ၀၆၇-၄၀၄၉၉၉ ဆိုပြီး ရုံးချုပ်မှာ ၂၄ နာရီဖွင့်လှစ်ထားပါတယ်။  တိုင်ကြားမှုများကို လက်ခံဆောင်ရွက်ပြီး မှတ်တမ်းယူထားပါတယ်။ တိုင်ကြားမှုတိုင်းကို ချက်ချင်းတုန့်ပြန်နိုင်အောင်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ဝန်ကြီးဦးဆောင်ပြီး ဆောင်ရွက်ပါတယ်။ အကြမ်းဖက်မှုဖြစ်လာရင် တိုင်ရမယ်၊ တိုင်သင့်တယ်ဆိုတာကို သိလာပြီး တိုင်ကြားမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ လူမှုရေးပိုင်း ဆိုင်ရာတွေကို အများကြီး ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်” ပြောကြား သည်။

 

 

အကြမ်းဖက်မှုအဖြစ် သတ်မှတ်ထားသော အခြေအနေများနှင့်စပ်လျဉ်း၍ ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ရေးအဖွဲ့မှ Programme Specialist မဝိုင်းစန္ဒီမြင့်က “(၁၆)ရက်တာ လှုပ်ရှားမှုအနေနဲ့ နိုဝင်ဘာ ၂၅ ရက်ကစပြီး အမျိုးသမီးနဲ့ အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှု တွေလုပ်ပါတယ်။  အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကျွန်မတို့ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်တယ်။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့မီတဲ့ ဥပဒေတွေ၊ မူဝါဒတွေ၊ Guide Line တွေ ထွက်လာဖို့အတွက် သက်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်း တွေနဲ့ပူးပေါင်းဆောင်ရွက်တာတွေ ရှိတယ်။ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကျား၊ မ အခြေပြုအကြမ်းဖက်မှုကို တုန့်ပြန် ဆောင်ရွက်တဲ့အခါမှာ ဘယ်လိုတုန့်ပြန်ဆောင်ရွက်ရမလဲဆိုတဲ့ လက်စွဲစာအုပ်တွေကို ထုတ်ဝေတာတွေရှိတယ်။ မြေပြင်မှာ တုန့်ပြန်ဆောင်ရွက်နေသူ၊ အကူအညီပေးနေသူတွေ အတွက် စွမ်းရည်မြှင့်တင်ရေးလုပ်တာတွေရှိတယ်” ဟုပြောကြားသည်။

 

 

ထို့ပြင် ၎င်း က “ အကြမ်းဖက်ခံရမှုကို အကြမ်းဖျင်း (၅)မျိုးသတ်မှတ်နိုင်တယ်။ ပထမတစ်မျိုးက ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ပါတယ်။ ရိုက်နှက်တာတွေ၊ ဒဏ်ရာရ အောင်လုပ်တာတွေ ပါဝင်တယ်။ နောက်တစ်ခုက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်ပါ တယ်။ လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုလုပ်တာတွေ၊ မုဒိန်းမှုတွေပါဝင်တယ်။ နောက် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ချုပ်ချယ်တာ၊ တားဆီးတာ၊ သူတို့ အခွင့်အရေးတွေကို အသိအမှတ်မပြုဘဲ ထိန်းချုပ်တာတွေပါဝင်တယ်။ နောက်တစ်ခုက စီးပွားရေးပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ပါတယ်။ အလုပ်ပေးမလုပ်တာတွေ၊ ဝင်ငွေကို ထိန်းချုပ်တာမျိုးတွေ ပါဝင်ပါတယ်။ နောက်တစ်ခုက အန္တရာယ်ဖြစ်စေတဲ့ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာတွေ ဖြစ်ပါတယ်။ အကြမ်းဖက်ခံရတဲ့အခါမှာ အကြမ်းဖက် ခံရတဲ့သူကို တိုင်ကြားနေလည်း မထူးပါဘူးဆိုပြီး အကြမ်းဖက်တဲ့သူနဲ့ ပေးစားလိုက်တာ မျိုးတွေ ရှိပါတယ်။ ဒါတွေကိုလည်း အကြမ်းဖက်မှုထဲမှာ ထည့်ပါတယ်” ဟုပြောကြားသည်။

 

 

သတင်း-မျိုးမြင့်၊ မျိုးသူဟိန်း

ဓာတ်ပုံ- ထန်းဖုန်