အကျင့်ပျက်ခြစားမှုဖြင့် သတင်းကြီးနေသော မလေးရှားဝန်ကြီးချုပ်ဟောင်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေ

ာလာလမ်ပူ ၁၈ မေ

အကျင့်ပျက်ခြစားမှုဖြင့် သတင်းထွက်နေသော မလေးရှားဝန်ကြီးချုပ်ဟောင်း၏ အိမ်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက မေ ၁၇ ရက်က ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် နှောင့်ယှက်ရာရောက်ကြောင်း ၄င်း၏ ရှေ့နေဖြစ်သူကဖော်ပြခဲ့သည်။ သမိုင်းတွင်မည့် ရွေးကောက်ပွဲတွင် အသစ်တက်လာသောအစိုးရကအာဏာရရှိလာပြီးနောက် အကျင့်ပျက်ခြစားမှုများကို အင်တိုက်အားတိုက် နှိမ်နင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ ့ဝင်များသည် ရဲတပ်ဖွဲ့သုံးထရပ်ကားများ၊ အက်စ်ယူဗီကားများ၊ စီဒင်ကားများနှင့် ကွာလာလမ်ပူမြို့ရှိ နာဂျစ်နေအိမ်တည်ရှိရာ လမ်းသို့ မေ ၁၆ ရက်ညပိုင်းကဝင်ရောက်လာခဲ့ပြီး အသေးစိတ်ရှာဖွေမှုများ ပြုလုပ်ရာ နာဂျစ်နေအိမ်အတွင်းမှလက်ကိုင်အိတ်များ၊ အဝတ်အထည်များ၊ လက်ဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် ဗာနားမားသတင်းစာက မေ ၁၇ ရက်အစောပိုင်းက ဖော်ပြခဲ့သည်။

ထိုသို့ ရှာဖွေမှုများ လုပ်ဆောင်ခဲ့သော်လည်း မည်သည့်စာရွက်စာတမ်းကိုမျှသိမ်းဆည်းရမိခြင်း မရှိကြောင်း၊ နာဂျစ်ရှေ့နေဖြစ်သူ ဟာပဲလ်ဆင်းဂ်ကို ခေါ်ယူစစ်ဆေးခဲ့သော်လည်း မေ ၁၇ ရက်နံနက်ပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

၂၀ဝ၁ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့ခြင်း တန်ပြန်တိုက်ဖျက်ရေး ဥပဒေတို့ဖြင့် အရေးယူနိုင်ရန် ပစ္စည်းများကို သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရသည်။

မကြာသေးခင်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း နာဂျစ်သည် ၂၀ဝ၉ ခုနှစ်က ၄င်းကိုယ်တိုင် ဖွဲ့စည်းထားသော အစိုးရဖွံ့ဖြိုးရေးရန်ပုံငွေအစီအစဉ်နှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု ကျူးလွန်ကြောင်း မဟာသီယာ၏ စွပ်စွဲမှုကို ခံထားရကြောင်း သိရသည်။

မဟာသီယာသည် အာဏာရလာပြီးနောက် နာဂျစ်အား ကာကွယ်ပေးခဲ့သည့် မလေးရှားရှေ့နေချုပ်ကို ရာထူးမှ ဖယ်ရှားခဲ့ပြီး ယင်းနေရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကြီးအကဲကို အစားထိုးခန့်အပ်ခဲ့သည်။ အစိုးရဖွံ့ ဖြိုးရေး ရန်ပုံငွေဘဏ္ဍာရေး အစီရင်ခံစာနှင့် ပတ်သက်ပြီး နာဂျစ်က ပိတ်သိမ်းခဲ့သော်လည်း အမှုတွဲကိုလည်း စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် မဟာသီယာက အဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထို့အပြင် နာဂျစ်ပိုင်ဆိုင်သည်ဟု ယူဆရသော အဆင့်မြင့် ဇိမ်ခံအိမ်ရာတစ်ခုကိုလည်း ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း နိုင်ငံပိုင် ဗာနားမားသတင်းစာတွင်ဆက်လက်ဖော်ပြထားသည်။

နာဂျစ်အား တရားဝင်တရားစွဲဆိုခြင်း မပြုလုပ်ထားသေးကြောင်း၊ သို့သော် လက်ရှိဝန်ကြီးချုပ် မဟာသီယာက နာဂျစ်၊ ၄င်း၏ဇနီးနှင့် ယခင်အစိုးရအဖွဲ့ဝင်များကိုပြည်ပထွက်ခွာခွင့်ကို တားမြစ်ထားကြောင်း သိရသည်။

အေအက်ဖ်ပီ၊ ဆင်ဟွာ