အလောင်းတော်ကဿပ ဘုရားဖူးမှန်လုံတစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွား ၅ ဦးသေဆုံး

ကနီ ၁၈ မတ်     


စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် အလောင်းတော်ကဿပဘုရားသို့ ဘုရားဖူးလာမှန်လုံမော်တော်ယာဉ်တစ်စီး မတ် ၁၈ ရက်နေ့ နံနက် ၆ နာရီက ချောက်ထဲထိုး ကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။


ရန်ကုန်မြို့မှ ကနီမြို့နယ် အလောင်းတော်ကဿပဘုရားသို့ ဘုရားဖူးလာသော ယာဉ်အမှတ် SGG 4Q/ ------ မှန်လုံယာဉ် ဖြူပြာကြား (ရွှေချမ်းသာဘုရားဖူးအဖွဲ့) ယာဉ်သည် မိုင်တိုင်အမှတ် ၁၆/၄ မိုင်နေရာ ချောင်းမကြီးစခန်း အတက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၃၆ ဦးအနက် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦးတို့မှာ ယာဉ်တိမ်းမှောက်သည့် နေရာတွင် သေဆုံးကြောင်း သိရသည်။ 


အခြားဒဏ်ရာရရှိသည့် လူနာ ၃၁ ဦးအား (၄)မြို့နယ် အလောင်းတော် ကဿပဂေါပကအဖွဲ့ကားများဖြင့် ကပိုင်တိုက်နယ်ဆေးရုံနှင့် မုံရွပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသနိုင်ရေး ပို့ဆောင်ထားကြောင်း သိရသည်။ 


သန်းဌေးအောင်(ကနီ)