အလောင်းတော်ကဿပတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များဖြင့် စည်ကား

ကနီ ၂၁ ဇန်နဝါရီ

 

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်  အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တည်ရှိသော အလောင်းတော်ကဿပ စံကျောင်းနှင့် ရုပ်ကလပ်တော်တည်ရှိရာ လိုဏ်ဂူတော်ကြီးတို့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမျှော်ကြသူများ ရုံးပိတ်ရက်များတွင်သာ ဘုရားဖူးဧည့်သည်ဝင်ရောက်မှု များပြားစည်ကားလျက်ရှိကြောင်း သိရသည်။

 

 

''ဒီဇင်ဘာကျောင်းပိတ်ရက်ကတော့ များပါတယ်၊ စည်ကားမှုလည်းရှိပါတယ်၊ တစ်ရက်ကို (၆ဝဝ)ကနေ (၁ဝဝဝ) ကြားမှာရှိပါတယ်၊ ညအိပ်ခရီးသည်က ကြားရက်တွေမှာတော့ အယောက် (၁ဝဝ)လာက်ရှိတယ်၊ ရုံးပိတ်ရက်တွေမှာတော့ (၃ဝဝ)လောက်ရှိပါတယ်၊ အခုအချိန်မှာတော့ တောင်ပေါ်မှာ ရာသီဥတုအခြေအနေအရ အအေးပိုတဲ့အတွက် ညအိပ်ခရီးသည် နည်းပါတယ်၊ နေ့ချင်းပြန်ခရီးသည်ကတော့ များပါတယ်၊ မနှစ်ကဒီလိုအချိန် ခရီးသည်တွေက အတော့်ကိုများတယ်၊ အခုနှစ်မှာတော့ နည်းပါတယ်၊ ပုံမှန်ဆို အခုအချိန်က အတော့်ကို စည်ကားရမယ့်အချိန်ပါ၊ ဒီကြားထဲမှာ မိုးရွာတယ်၊ မိုးရွာပြီးနောက်ပိုင်းမှာလည်း အအေးက ပိုနေတဲ့အတွက် ခရီးသည်ဝင်ရောက်မှု နည်းတာပါ၊ လိုဏ်ဂူတော်ကို ဆင်းဖို့အတွက် တန်းစီဆင်းရတဲ့အနေအထားပါ၊ ကျောင်းသား/သူတွေကလည်း နောက်လထဲမှာ စာမေးပွဲတွေ ဖြေကြတော့မှာ ဆိုတော့ မိသားစုလိုက် လာရောက်လည်ပတ်ကြတာ နည်းပါတယ်၊ သုံးလပိုင်းလောက်ဆိုရင်တော့ ခရီးသည်ဝင်ရောက်မှု ပိုမိုများလာနိုင်မှာပါ'' ဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယခုနှစ်တွင် အလောင်းတော်ကဿပသို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေး ဘုရားဖူး ရာသီလမ်းအား ဇန်နဝါရီ ၇ ရက်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့သော်လည်း ဇန်နဝါရီလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်ဝင်ရောက်မှု ရုံးပိတ်ရက်များတွင် ပိုမိုများပြားလျက်ရှိကြောင်း အလောင်းတော်ကဿပ ဂေါပကအဖွဲ့မှ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)