အလွမ်း

ဆူးငှက်

 

တကယ်တော့ မန္တလေးမှာ မွေးဖွားကြီးပြင်းရခြင်းကို ရတောင့်ရခဲဒုလ္လဘတစ်ခုအဖြစ် ပြောဆိုရေးသားရခြင်းကား ယခုခေတ်ကာလ၌ အလွန်ကျဉ်းမြောင်းသိမ်ဖျင်းလှသော ဒေသစွဲစိတ်တစ်ခုသဖွယ် အပြစ်တင်ရပေမည်။ သို့သော်မတတ်နိုင်။ ပြောစရာရှိ၍ ပြောရပေဦးမည်။ မန္တလေးသည် မြန်မာပြည်အလယ်ပိုင်း မိုးနည်းရေရှားဒေသမှာ တည်ရှိဆိုငြား ပုဂံခေတ်ကတည်းက တူးဖော်ဆယ်ဖို့ သိုလှောင်ထားသည့် ဧရာမအောင်ပင်လယ်ကန်ကြီးက အရှေ့မှဆီးသည်။ တောင်ဘက်မှာ သဘာဝအင်းကျယ်ကြီး ဇောင်းကလောနှင့် တောင်သမန်ရှိသည်။ အနောက်တောင်ထောင့်မှာ တက်သေးအင်းပြင်၊ ထို့နောက် ဧရာဝတီမြစ်က အနောက်မှဆီးထား၏။ မြောက်မှာက နန္ဒကန်တဲ့။

 

ရေကြည်ရာမြက်နုရာဖြစ်ပုံ

ဤသို့ဖြင့် ရေပတ်လည်ဝိုင်းသည်။ ရွှေမြို့တော်တွင်းသို့ လက်တံမြောင်းအသီးသီးနှင့် ရေသွင်း၏။ ကျုံးတော်ကြီးကလည်း ကြာမျိုးငါးမည်နှင့်ရေဖြည့်ထားသည်။ ရွှေတချောင်း ရေရှင်ရေသန့်မြောင်းကလည်း တသွင်သွင်စီးသည်။ ရတနာနဒီမြစ်ကိုတူးဖော်ပြီး မင်းခမ်းမင်းနားနှင့်ရေကင်းနရီသံ စီစီညံစေသည်။ ထိုထိုရေချောင်း၊ ရေမြောင်း၊ ရေကန်၊ ရေဆည်၊ ရေအင်းတို့၏ ကလနားတွေမှာ အရှေ့ရိုးမကြီးရှိသည်။ အလယ်ရိုးမ မင်းဝံတောင်ရိုးကြီးရှိသည်။ အရှေ့ဘက် မိုင်၂၀ အတွင်းပေါ့။ အနောက်ဘက်၄ မိုင်၊ ၅ မိုင်အတွင်းပေါ့။ မြို့၏အရှေ့ဘက် ၄ မိုင်အကွာမှာ ရန်ကင်းတောင်တောင်ပူစာရှိသည်။ မြို့မြောက်ခြမ်းမှာ မန္တလေးတောင် တောင်ပူစာရှိသည်။

သည်ရွေ့သည်မျှပြောနေတာက အကြောင်းရှိသည်။ ဥပုသ်နေ့လိုနားရက်ဖြစ်စေ။ အခြားနေ့ကြီးရက်ကြီးတွေမှာဖြစ်စေ။ မ္တလေးမှာ ကျေးငှက်သာရကာနှင့်၊ ကြာရိုးကြာစွယ်နှင့်၊ အင်းရေအင်းကန်နှင့်၊ တောနှင့်တောင်နှင့်၊ ပျိုးခင်းလယ်ကွင်းနှင့်၊ အရိပ်ခိုစရာက နီးနီးတစ်မျိုး ဝေးဝေးတစ်မျိုး အဆင်သင့်ရှိနေသည်။ ထိုအခါ လူ့ဘဝ၏ဖြတ်သန်းမှုတွင်ပရိယေသနဝမ်းစာနှင့်အတူ ခံစားနားခိုအားမွေးခြင်းအတွက် မန္တလေးက ရေကြည်ရာ မြက်နုရာ ဖြစ်ပုံကို သိသာစေခြင်းဖြစ်သည်။ စရိတ်စကမကုန်၊ အချိန်မကုန်၊ စက်ဘီးလေးတစ်စီးရှိရုံနှင့် ပြီးမြောက်သည်။

 

ငယ်စဉ်ကတည်းက ‘လေ့’ သောဝါသနာ

တောင်တက်၊ ဘုရားဖူး၊ ရေကူး၊ ငါးမျှား၊ ငှက်ကြည့်၊ တောလည်၊ ဆည်ရေချိုး....ကြိုက်သလို အမျိုးမျိုးခံစားဆောင်ရွက်နိုင်ပါဘိ။ ဒါကိုပြောလိုခြင်းဖြစ်သည်။

ထို့ကြောင့်လည်း မန္တလေးသားတွေ ငယ်စဉ်ကတည်းက ‘လေ့’ သောဝါသနာတစ်ခုမှာ စက်ဘီးတစ်စီးနှင့် အလည်ထွက်ခြင်းဖြစ်သည်။ အိမ်ကစထွက်တော့ ဘယ်ရယ်လို့မဟုတ်။ ခြေဦးတည့်ရာဖြစ်၏။ ကွေ့ချင်စိတ်ရှိသည့် လမ်းမှာကွေ့လိုက်သည်။ ဆက်စရာရှိလျှင်ဆက်သည်။ ဤသို့ဖြင့် တစ်ပြဝင်တစ်ပြထွက် ဟိုလမ်းဝင်သည်လမ်းထွက်နှင့် စိတ်ကူးပေါက်သည့်နေရာ ရောက်သွားခြင်းဖြစ်၏။ အိမ်က အနောက်ဘက်သို့ ဦးတည်မိလျှင် မြစ်ဆိပ်ဘက်ရောက်သည်ကများသည်။ အေလမ်းအတိုင်း အနောက်ဆင်းပြီး ဂေါဝိန်ဆိပ်သို့ရောက်သွားခြင်းဖြစ်၏။

 

စိမ်းနုသွေးစုတ်ချက်ပြေး

ကုန်တင်ကုန်ချ အလုပ်သမား နားနေရိပ်သာအနီး ကျောက်တမံကြီးအနား စက်ဘီးလေးထောင်...၊ သော့ခတ်ပြီး သစ်ပင်ကြီးခြေရင်းရှိ အုတ်ခုံလေးပေါ်ထိုင်ကာ တောင်သို့မျှော်သည်။ အနောက်သို့မျှော်သည်။ မြောက်သို့မျှော်သည်။ တောင်ဆီမှာ မြစ်ပြင်က မြူများနှင့် ရောနေ၏။ ခိုတောင်လှေကလေးတွေ မြစ်ကိုဖြတ်ကူးနေသည်။ အဝေးဆီက အဆန်သင်္ဘောကြီး တစ်စင်း တရွေ့ရွေ့လာနေ၏။ အစက်အပြောက်ကလေးမှသည် ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာသည်။ ရာသီဥတု ကြည်လင်နေလျှင်ဖြင့် ခပ်ဝေးဝေးက အင်းဝတံတားကြီးကို ပျပျမြင်ရဖူးသည်။

အနောက်ဆီမျှော်လိုက်တော့ မင်းဝံတောင်ရိုးပေါ့...။ သူကတော့ပီပြင်လှသည်။ အရောင်သွေးက စိုနုသစ်လွင်နေ၏။ အခြေမှာ ကျွန်းထဲရွာရှည်တန်း၏ သစ်ပင်အုပ်အုပ်တွေကို မြင်နေရသည်။ သစ်ပင်အုပ် စိမ်းညို့ညို့ကြားမှာ ဘုန်းကြီးကျောင်း သွပ်မိုးပြောင်ပြောင်များက တစ်ခါတစ်ရံတဖျပ်ဖျပ်နှင့် မှန်ပြနေသည်။ သစ်ပင်အုပ်နှင့် မြစ်ပြင်ကြားကိုင်းခင်းတွေက စိမ်းနုသွေးစုတ်ချက်ပြေးနေသည်။ စိမ်းနုသွေးထဲ မီးခိုးလေးတွေအူအူထနေသည့် ကိုင်းတဲလေးတွေလည်း တွေ့ရ၏။ လွန်းတင်လှေတွေဆီက မီးခိုးမှိုင်းတွေ လွင့်တက်လာတာလည်း တွေ့ရ၏။

 

ရွက်ဖောင်းဖောင်းနှင့် အညာလှေကြီးတစ်စင်း

မြစ်ပြင်ကတော့ လှိုင်းအိလေးများကို စည်းချက်ကျကျ လှုပ်ခတ်ပေးနေသည်။ မြောက်ဆီမှာလည်း မြစ်ပြင်က မြူထဲတိုးဝင်နေ၏။ သို့သော်ခပ်ပါးပါး.....။ မင်းဝံတောင်ရိုးက ထုံးသင်္ကန်းဖွေးဖွေးနှင့် စေတီပုထိုးများကိုမြူထဲ၌ ပွင့်နေစေ၏။ ဟို....ဝေးဝေးမှာ လေးလက်မစုတ်ပြားကြီးနှင့်တစ်ချက်တည်းတို့ခတ်ထားသလို ထုထည်တစ်ခုကို ခပ်မှိုင်းမှိုင်းမြင်နေရသည်။ မင်းကွန်းပုထိုးတော်ကြီးတဲ့ ...။ မြစ်ထဲမှာတော့ ]ဘော်ဘော်} အသံပေးရင်း ဖောင်ဆွဲမော်တော်တစ်စင်း စုန်လာသည်။ အနောက်ဘက်ကမ်းမှာတော့ ရွက်ဖောင်းဖောင်းနှင့် အညာလှေကြီးတစ်စင်းက ဆန်နေ၏။ ဟောသည်ဘက်ကမ်းမှာတော့ အစုန်အဆန်သင်္ဘော၊ မော်တော်မျိုးစုံဆိုက်ကပ်ထားသည်။

 

ကားဝါဂိတ်က ဈေးဆိုင်လေးတွေ

ဂေါဝိန်ဆိပ်ထိုင်နေကျအုတ်ခုံမှာ အတော်ကြာကြာထိုင်ပြီးသောအခါ စက်ဘီးကလေးကို ကောက်စီးပြီး တာရိုးအတိုင်း မြောက်သို့ ဦးတည်သည်။ ထင်းဝင်းဆိပ်မရောက်မီ သစ်လုံးတင်မီးရထားတွဲတစ်စင်းကို ရေနံရုံးဝင်းကြားမှ ဖြတ်ဝင်လာတာတွေ့ရ၏။ သစ်တင်တွဲတွေသာမက ဆီဘောက်ဆာကြီးတွေလည်းပါသည်။ ထင်းဝင်းအနီး သစ်စက်ကြီး၏ အင်ဂျင်ကြီးက အချက်ကျကျ ရေနွေးငွေ့တွေမှုတ်ထုတ်ပေးနေသည်။ တာရိုးအတိုင်း မြောက်သို့ ခရီးဆက်ဖြစ်လိုက်သည်မှာ မရမ်းခြံဆိပ်၊ ကျွဲစွန်းဆိပ်၊ ကျောက်သပိတ်၊ ညောင်ကွဲမှ အိုးဘိုဘက်ပြန် ချိုးပြီး အိုးဘိုဈေး ကားဝါ ဂိတ်က ဈေးဆိုင်လေးတွေမှာ မုန့်တီတစ်ပွဲစားပြီးမှ အိမ်ပြန်ဖြစ်သည်ချည်း ဖြစ်သည်

 

မြန်မာစာပေလောကမှာ မှတ်တိုင်တွေ

ဒီလို ခံစားမှု၊ ဒီလို ရသတွေကို မ္တလေးသားတွေသာမက မ္တလေးမှာ ပဝတ္တိသားတွေအဖြစ် တစ်နွေ တစ်မိုး တစ်ဆောင်းမျှခိုလိုက်လျှင်ပင်နှစ်သက်ချိုမြိန်စွာ ခံစားစားသုံးကြတော့သည်။ အထူးသဖြင့် ပညာတတ်လူငယ်များပဲပေါ့၊ တက္ကသိုလ်ကျောင်းသားများပဲပေါ့။ ထိုပညာတတ်လူငယ်များက ခံစားမှုများကို ကဗျာတွေ စာတွေအဖြစ် ဖွင့်အန်သွန်ချလိုက်ကြတော့သည်။ ဝတ္ထုတွေပေါ့။ ကဗျာတွေပေါ့၊ စာစီစာကုံးတွေပေါ့။ အက်ဆေးတွေပေါ့။ ဒီအနုပညာပစ္စည်းတွေကလည်း ကိုယ့်ငါးချဉ်မို့ကိုယ်ချဉ်တာမဟုတ်။ မြန်မာစာပေလောကမှာ မှတ်တိုင်တွေ ဖြစ်ခဲ့သည်ချည်း။ စာပေအိမ်ဦးခန်းမှာ ကတ္တီပါကော်ဇော ဖလားစုံကွမ်းအစ်နှင့်နေရာပေးခံရသည်ချည်း။ သည်အနုပညာပစ္စည်းတွေအနက်က ကိုယ်နှိုက်က ပညာရေးလောကသားဆိုတော့ မန္တလေးတက္ကသိုလ်ထွက်စာစီစာကုံးများ (ဝါ) အက်ဆေးများကို လွမ်းလွမ်းဆွတ်ဆွတ်ရှိလှသည်။ မိုးဦးပန်းအစမ်းစာများ၊ ပိတောက်မှ သရဖီသို့ ၊ ပွင့်ဦး၊ ပန်းလက်ဆောင်.... စသည်။

အခု မန္တလေးမှာ အဲ့ဒီလိုအလွမ်းစာ အက်ဆေးအစမ်းစာလေးတွေမတွေ့ရတာကြာချေပြီ