အလင်းရောင်ညစ်ညမ်းခြင်းကြောင့် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု

ကိုငြိမ်းငယ်(ကျွန်းဒေါင့်)

ယနေ့ခေတ်တွင် သိပ္ပံနှင့်နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည့်အလျောက် လူသားတို့အတွက် နေ့ရောညပါ ထိတွေ့နေရသောအရာတစ်ခုမှာ မီးအလင်းရောင်ပင်ဖြစ်သည်။ ကမ္ဘာကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေသော တီထွင်မှုများစွာထဲတွင် လျှပ်စစ်မီးသီးလည်းတစ်ခုအပါအဝင်ဖြစ်သည်။ လျှပ်စစ်မီးသီးများ၏ အလင်းရောင်ဖြင့် နယ်ပယ်အသီးသီးမှအလုပ်များကို နေ့ရောညပါအချိန်မရွေး ပြုလုပ်လာကြပါသည်။ အလုပ်လုပ်ခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေပါသည်။ ထို့ကြောင့် လျှပ်စစ်မီးအလင်းရောင်သည် ခေတ်မီဖွံ့ဖြိုးခြင်းအတွက် အရေးပါသော အထောက်အကူတစ်ခုဖြစ်သည်။

သို့သော် လူသားတို့ နေ့စဉ်အသုံးပြုနေသော လျှပ်စစ်မီးအလင်းရောင်သည် ညစ်ညမ်းမှုဖြစ်ပေါ် စေသည်ကို လူတိုင်းမသိကြသေးပေ။ မြေဆီလွှာ ညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုနှင့် လေထုညစ်ညမ်းမှုတို့ကိုသာ အများဆုံးသိရှိကြပါသည်။ အလင်းရောင်ညစ်ညမ်းမှုကို သိရှိသူမှာ အလွန်နည်းပါးသည်။ ထို့ကြောင့် အလင်းရောင်ညစ်ညမ်းခြင်းဖြင့် လူသားတို့၏ ကျန်းမာရေးအပေါ် မည်သို့အကျိုးသက်ရောက်မှု ရှိသည်ကို စာဖတ်သူများ သိရှိစေရန်မျှဝေရေးသား လိုက်ပါသည်။

 ဇီဝနာရီနှင့် စည်းချက်မကိုက်ညီ

ယနေ့ခေတ်ကာလ  နယ်ပယ်အသီးသီး၏ လုပ်ငန်းခွင်များတွင် အလင်းရောင်ကိုနေ့ရောညပါ ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနေကြသည်။ လူသားတို့၏ လူမှုစီးပွားများကိုတိုးတက်စေသည်မှာ  မှန်သော်လည်း အလင်းရောင်ညစ်ညမ်းမှုသည် ကျန်းမာရေးအပေါ်တွင် ဆိုးကျိုးများ သက်ရောက်စေပါသည်။ လူသားတို့၏ ခန္ဓာကိုယ်ထဲတွင် ဇီဝနာရီရှိပါသည်။ ထိုဇီဝနာရီနှင့် သင့်တင့်မျှတအောင်နေထိုင်မှသာလျှင် ကျန်းမာစွာရှင်သန်နေထိုင်နိုင်မည်ဖြစ်ပါသည်။ လူသားတို့အတွက် ဘယ်အချိန်မှာ အိပ်ရမည်၊ ဘယ်အချိန်မှာ အိပ်ရာထရမည်၊ ဘယ်အချိန်မှာ နားရမည်၊ ကိုယ်တွင်းကလီစာများက ဘယ်အချိန်မှာ ဘာလုပ်ရမည်  စသောအခြေအနေများအားလုံးကို ဇီဝနာရီက ထိန်းချုပ်ထားပါသည်။ အကယ်၍ အလင်းရောင်ညစ်ညမ်းမှုကြောင့် လူသားတို့၏ ပြုမူနေထိုင်မှုပုံစံ ပြောင်းလဲသွားမည်ဆိုလျှင် ဇီဝ နာရီနှင့် စည်းချက်မကိုက်ညီသောကြောင့် နေထိုင်မကောင်းခြင်း(သို့မဟုတ်) ဝေဒနာတစ်ခုခုကို ခံစားကြရမည်ဖြစ်သည်။

လူသားတို့၏ ခန္ဓာကိုယ်တွင် “မယ်လာတိုနင်” ဟုခေါ်သော ဟော်မုန်းတစ်မျိုးထွက်ရှိပါသည်။ ထိုဟော်မုန်းမှာ ဇီဝနာရီကြောင့်ထွက်ပေါ်လာခြင်းဖြစ်သည်။ မယ်လာတိုနင်ဟော်မုန်းတွင် ကိုယ်တွင်း ဓာတ်တိုးခြင်းကို  ဆန့်ကျင်သောဂုဏ်သတ္တိများ ရှိပါသည်။  ထို့ပြင်  လူသားတို့၏ကိုယ်ခံအားကို တိုးမြှင့်ပေးရာတွင် မယ်လာတိုနင်ဟော်မုန်းသည် အဓိကကျသောနေရာမှ  ပါဝင်သောပစ္စည်းဖြစ်သည်။

အလင်းရောင်မရှိသောအချိန်တွင်သာထွက်ရှိ

မယ်လာတိုနင်ဟော်မုန်းသည်  ကိုလက်စထရောကို လျှော့ချပေးသည်။ အလွယ်တကူ အိပ်ပျော်စေပြီး ကိုယ်တွင်းအင်္ဂါများ၏ ပုံမှန်လုပ်ငန်း ဆောင်ရွက်မှုတို့ကို ကူညီပေးပါသည်။ ထို့ကြောင့် လူ၏ခန္ဓာကိုယ်တွင် မယ်လာတိုနင်ဟော်မုန်း ထွက်ရှိမှုသည် အရေးကြီးပါသည်။ မယ်လာတိုနင် ဟော်မုန်းသည် အလင်းရောင်မရှိသောအချိန်တွင် သာထွက်ရှိသည်။ ထို့ကြောင့် ညအချိန်တွင်လူက အိပ်နေသော်လည်း  အလင်းရောင်ရှိနေလျှင် မယ်လာတိုနင်ဟော်မုန်းထွက်ရှိမှုကို နည်းပါးစေပါသည်။ အိပ်ချိန်တွင် ပုံမှန်မအိပ်ပါက လူသားတို့၏ ကျန်းမာရေးကိုထိခိုက်စေပါသည်။
ထို့ပြင် အပြာရောင်အလင်းသည်လည်း လူသားတို့၏ မယ်လာတိုနင်ဟော်မုန်းထွက်ရှိမှုကို ကျဆင်းစေပါသည်။ ယနေ့ခေတ်လူသားတို့ အသုံးပြုနေသော ကွန်ပျူတာများ၊ စမတ်ဖုန်းများသည် အပြာရောင်အလင်းများထွက်ရှိပါသည်။ အိပ်ချိန်တွင် မအိပ်ဘဲ စမတ်ဖုန်းများ၊ ကွန်ပျူတာများကို အသုံးပြုနေမည်ဆိုလျှင်  မယ်လာတိုနင်ဟော်မုန်း ထွက်ရှိမှုမှာ မရှိသလောက်နည်းသွားမည်ဖြစ်သည်။ မယ်လာတိုနင်ဟော်မုန်းထွက်ရှိမှု နည်းပါးသွားလျှင် အိပ်ရေးမဝခြင်း၊ အဝလွန်ခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်အလိုမကျခြင်းနှင့် အခြားသောကျန်းမာရေး ပြဿနာများကိုပါဖြစ်စေနိုင်ပါသည်။ အဆိုးဆုံးအနေဖြင့် ကင်ဆာရောဂါပင်ဖြစ်စေနိုင်သည်ဟု သုတေသီများက တွေ့ရှိထားပါသည်။

နေအိမ်ပြင်ပသို့ အလင်းရောင်မပြန့်စေရေး ဥပဒေများ ရေးဆွဲပြဋ္ဌာန်း

အလင်းရောင်ညစ်ညမ်းခြင်းကြောင့် လူသားတို့၏ကျန်းမာရေးကို  ထိခိုက်စေသော်လည်း ထိုပြဿနာများကို ကာကွယ်ထိန်းချုပ်ရန်မခက်ခဲလှပေ။ ယနေ့ခေတ် ဖွံ့ဖြိုးပြီးနိုင်ငံများပင် ညအချိန်တွင် နေအိမ်ပြင်ပသို့ အလင်းရောင်မပြန့်စေရေး ဥပဒေများကို  ရေးဆွဲပြဋ္ဌာန်းလာပြီဖြစ်သည်။ လျှပ်စစ်မီးချောင်း၊ မီးသီးများကို ထုတ်လုပ်သူများသည် အလင်းရောင်ညစ်ညမ်းမှုကို လျှော့ချပေးသည့်အပြင် စွမ်းအင်သုံးစွဲမှုကိုလည်း ချွေတာနိုင်မည့် စွမ်းဆောင်ရည်မြင့် မီးချောင်း၊ မီးသီးများကို ထုတ်လုပ်လာနေပြီဖြစ်သည်။ နေအိမ်တွင် မီးသီး အသုံးပြုသူများကလည်း နေအိမ်ပြင်ပရှိ မီးအလင်း ရောင်များကို  လိုအပ်သလောက်သာအသုံးပြုပြီး အလင်းရောင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်ပါသည်။
 ထို့ပြင် အလင်းရောင်ကို မလိုအပ်သောနေရာများတွင် မကျရောက်စေရန်နှင့် သတ်မှတ်နေရာ ကိုသာရောက်ရှိစေရန် ပြုလုပ်ရပါမည်။ ညအချိန်တွင် အိပ်ခန်းအတွင်းအလင်းရောင်မရောက်စေရန် ခန်းဆီးများကို အသုံးပြုနိုင်ပါသည်။ ထိုအခါမှသာ ပြင်ပအလင်းရောင်ကြောင့် စိတ်အနှောင့်အယှက် မရှိဘဲ  ကောင်းစွာအိပ်စက်အနားယူနိုင်မည်ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် မိမိအိမ်ထဲရှိ အခန်းလွတ်များကို မီးမထွန်းဘဲထားခြင်း (သို့မဟုတ်) လိုအပ်သလောက်သာ မီးထွန်းခြင်းနှင့် စမတ်ဖုန်းများအပါအဝင် လျှပ်စစ်ပစ္စည်းများကို အိပ်ရာမဝင်မီ ပိတ်ထားခြင်းဖြင့်လည်း လျှပ်စစ် အန္တရာယ်နှင့် အလင်းရောင်ညစ်ညမ်းမှုများကို လျှော့ချနိုင်ပါသည်။

အလင်းရောင်ညစ်ညမ်းမှုကို လျှော့ချရန် နည်းလမ်းများ

အလင်းရောင်ညစ်ညမ်းမှုကို  လျှော့ချရန် အတွက် အသုံးပြုနိုင်သော အခြားနည်းလမ်းများမှာ နည်းပညာကို  အကျိုးရှိရှိအသုံးချခြင်းဖြစ်သည်။ အချိန်သတ်မှတ်ချက်အတိုင်း  မီးလင်းစေမည့် (သို့မဟုတ်) လှုပ်ရှားမှုတွေ့မှ မီးလင်းစေမည့် အာရုံခံကိရိယာပါသော အလင်းပေးစနစ်မျိုးနှင့် အပူထွက် ရှိမှုနည်းပါးသော LED မီးလုံးများကို အသုံးပြုခြင်းမျိုး ဖြစ်သည်။ ထို့ပြင် လှိုင်းအလျားရှည်ပြီး နွေးထွေးသောပယင်းရောင်အလင်းကို ထုတ်ပေးနိုင်သည့် LED မီးလုံးများကို အသုံးပြုခြင်းသည် တောက်ပ၍ အဖြူရောင်အလင်းကို ထုတ်ပေးသောမီးလုံး များထက် လူသားတို့အပေါ်ပို၍အကျိုးပြုစေပါသည်။

ထို့ကြောင့်လည်း ယနေ့အချိန်တွင် နည်းပညာ ကုမ္ပဏီများ၊ စမတ်ဖုန်းကုမ္ပဏီများက သူတို့ ထုတ်လုပ်သောဖုန်းများတွင် Night Mode ဟု ခေါ်သောစနစ်ကို  ထည့်ပေးထားခြင်းဖြစ်သည်။ ထိုစနစ်ကိုအသုံးပြုခြင်းကြောင့် ဖုန်း၏မျက်နှာပြင် အလင်းရောင်သည် အလွန်တောက်ပသော အပြာရောင်အလင်းမဟုတ်တော့ဘဲ နွေးထွေးသည့် ပယင်းရောင်အလင်းကိုသာ ထွက်ပေါ်လာစေပါသည်။ အပြာရောင်အလင်းကို အချိန်ကြာကြာ ကြည့်မိလျှင် မျက်လုံးညောင်းခြင်း၊ အမြင်ဝေဝါးခြင်းနှင့် နောက်ဆုံးအနေဖြင့် မျက်စိအလင်းကွယ် ခြင်းမျိုးအထိဖြစ်နိုင်ပါသည်။  ထို့ကြောင့်  ဖုန်းနှင့် ကွန်ပျူတာများကို အချိန်ကြာမြင့်စွာအသုံးပြု၍ အလွန်အကျွံဂိမ်းကစားသူများသည် အလင်းရောင် ညစ်ညမ်းမှုကို မိမိကိုယ်တိုင်လုပ်ယူနေသလိုဖြစ်ပြီး ဆိုးကျိုးများကို အခြားသူများထက်ပို၍ခံစားရနိုင်ပါသည်။

ဤသို့ဖြင့်  အလင်းရောင်ညစ်ညမ်းခြင်း၏ ကျန်းမာရေးအပေါ်သက်ရောက်မှုများနှင့် ကာကွယ် ထိန်းချုပ်ရန်နည်းလမ်းများကို သိရှိခဲ့ကြပြီးဖြစ်သည်။ ထို့ကြောင့် အလင်းရောင်ညစ်ညမ်းမှု၏ ဆိုးကျိုးများကိုသိရှိပြီး မိမိအတွက်၊ မိမိ၏ပတ်ဝန်း ကျင်အတွက်၊ ကမ္ဘာကြီးအတွက် လျှပ်စစ်မီးအလင်းရောင်ကို  ဆင်ဆင်ခြင်ခြင်အသုံးပြုကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။  ။