အလုပ်အကိုင်အခွင့်အလမ်းသစ်များဖန်တီး နိုင်ငံကိုအကျိုးပြုနိုင်ရေးကြိုးပမ်း

မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း အလားအလာကောင်းများ များစွာရှိသော်လည်း ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်မှုနှင့် လုပ်ခလစာနည်းပါးမှုတို့ကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံ သားများ သိန်းပေါင်းများစွာရှိသည်။ ယခုအခါ ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ တဖွဲဖွဲ ပြန်လည်ရောက်ရှိလာကြသည်။

 

ပြည်ပရောက် မြန်မာနိုင်ငံသားများ အခက်အခဲများနှင့် ကြုံတွေ့နေရချိန်တွင် အမိနိုင်ငံ၏ အရိပ်အာဝါသအောက်သို့ ပြန်လည်ခိုဝင်လာကြသည်ကို ဝမ်းမြောက်ဝမ်းသာဂုဏ်ယူကာ ကြိုဆိုကြရမည်ဖြစ်သည်။ ပြည်ပရောက် မြန်မာနိုင်ငံ သားများ မြန်မာနိုင်ငံသို့ အလုံးအရင်းဖြင့် ပြန်လည်ရောက်ရှိလာခြင်းသည် လက်ရှိတွင်ကြီးမားသည့် စိန်ခေါ်မှု ဖြစ်နိုင်သော်လည်း ယင်းစိန်ခေါ်မှုကို အခွင့်အလမ်းတစ်ခုအဖြစ် ပြောင်းလဲဖော်ဆောင်ခြင်းဖြင့် အနာဂတ် နိုင်ငံတော်ကို ပြန်လည်ထုဆစ်ပုံဖော်ကြရမည် ဖြစ်သည်။

 

စီးပွားရေးလိုအပ်ချက်ကြောင့် မြန်မာနိုင်ငံမှပြည်သူများ တိုင်းတစ်ပါးသို့ သွားရသည့်အခြေအနေများကို ပြောင်းလို ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မေလ ၂၆ ရက်နေ့က ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထား သည်။ ကိုဗစ်-၁၉၏ အကျိုးဆက်များကို အောင်နိုင်စွာကိုင်တွယ်ရေး စီမံချက်များထဲတွင် အလုပ်အကိုင် ဖန်တီးရေးကို အထူးအလေးပေးမှာဖြစ်ကြောင်း၊ ရည်ရွယ်ချက်များ အောင်မြင်ရန်အတွက် ပြည်သူများ၏ ပူးပေါင်း အားပေးမှုသည်အဓိကဖြစ်ကြောင်း အသိပေးထားသည်။

 

ထို့ကြောင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် အမိနိုင်ငံ၏အရိပ်၊ မိဘ၏ ရင်ခွင်သို့ ဝင်ရောက်ခိုလှုံနိုင်ပြီဖြစ်၍ လုံခြုံစိတ်ချဘေးကင်းပြီး စိတ်ချမ်းသာမှုကို ရရှိနိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံ သို့ရောက်ပြီး လတ်တလော အခြေအနေတွင် ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းနှင့် သတ်မှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရဦးမည်ဖြစ်သည်။ နိုင်ငံတော်က ကိုဗစ်-၁၉ အကျိုးဆက်များကို ကိုင်တွယ်ရေး စီမံချက်များ ရေးဆွဲထားပြီး ယင်းတို့တွင် အလုပ်အကိုင်ဖန်တီးပေးရေး ပါဝင်သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသောအခါ စိတ်ပျက်အားငယ်ခြင်းမရှိဘဲ ရည်မှန်းချက်နှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် အားထည့်ထားရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ပြည်တွင်းအလုပ်အကိုင်များအတွက် ရရှိလာမည့်ဝင်ငွေသည် လက်ငင်းတွင် ပြည်ပ၌ရရှိခဲ့ သည့်ဝင်ငွေကို မမီသော်လည်း ကိုယ့်မြို့ ကိုယ့်ရွာတွင် မိသားစုနှင့်အတူ အိုးမကွာအိမ်မကွာ လုပ်ကိုင် ဆောင်ရွက်နိုင်သည့် အကျိုးရလဒ်၏တန်ဖိုးကို ယူဖို့လိုသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးစရုန်းထနေသော နိုင်ငံဖြစ်ပြီး ယခုကဲ့သို့ မိမိတို့နိုင်ငံကို ပြန်လည်ထူထောင်သည့်ကာလတွင် မိမိတို့နိုင်ငံသို့ ပြန်လည်လာရောက်၍ တစ်ထောင့် တစ်နေရာမှ ပါဝင်ရသည့်အခွင့်အရေးသည် တန်ဖိုးကြီးမားပေသည်။

 

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့သော မြန်မာနိုင်ငံသားများသည် သတ်မှတ်ထားသည့် ကျွမ်းကျင်မှု အရည်အသွေး ပြည့်မီလာခဲ့ကြသူများ ဖြစ်သည်။ မိမိတို့တတ်မြောက်လာသော ကျွမ်းကျင်မှုအရည်အသွေး၊ အတတ်ပညာများဖြင့် မိမိနိုင်ငံ၊ မိမိဒေသ၊ မိမိတို့၏ မိသားစုဘဝများ မြင့်မားတိုးတက်လာအောင် ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်သည်။ မိမိတို့သည် မြန်မာနိုင်ငံထက် ပိုကဲသာလွန်သည့် ဝင်ငွေရရှိမှုဖြင့် တိုင်းတစ်ပါး ကို အလုပ်အကျွေးပြုခဲ့ကြပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်ပဝင်ငွေကိုမမီသော်လည်း မိမိနိုင်ငံ၌ လုံခြုံစိတ်ချ ဘေးကင်းစွာဖြင့် စိတ်ချမ်းသာကိုယ်ကျန်းမာ လုပ်ကိုင်နိုင်ခြင်းသည် ပိုကဲသာလွန်သည့် ငွေကြေးထက် ပိုမိုတန်ဖိုး ကြီးမားပေသည်။

 

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါဂယက်ကြောင့် ကြုံတွေ့လာရသော အခက်အခဲများ၊ စိန်ခေါ်မှုများကို အခွင့်အလမ်း များအဖြစ် ထုတ်ဖော်နိုင်အောင် နိုင်ငံတော်အစိုးရက စီမံထားပြီဖြစ်ရာ အနာဂတ်နိုင်ငံအတွက် အရေးကြီးသည့် အလုပ်အကိုင် အခွင့်အလမ်းသစ်များကို နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်းဖန်တီးပြီး ပြည်ပနိုင်ငံများတွင် မိမိတို့တတ်မြောက်ခဲ့သော အတတ်ပညာများ၊ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများဖြင့် မိမိတို့ဘဝ၊ မိမိတို့နိုင်ငံကို အကျိုးပြုနိုင်အောင် ကြိုးပမ်းအားထုတ်ကြဖို့ လိုအပ်မည်ဖြစ်ပါကြောင်း။  ။