အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ အပြည့်အဝတာဝန်ယူ ထိရောက်စွာဆောင်ရွက်

 

တရားဝင် မှတ်ပုံတင်ထားသည့် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီအချို့က ၎င်းတို့ စေလွှတ်လိုက်သည့် အလုပ်သမားများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုများ ပျက်ကွက်ခြင်းကြောင့် ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်ခဲ့သူများ နစ်နာဆုံးရှုံးမှုတို့ ဖြစ်ပေါ်ခဲ့ကြောင်း မီဒီယာများတွင် တွေ့ခဲ့ရသည်။ ပြည်ပတွင် အလုပ်လုပ်လိုသူထံမှ ဝန်ဆောင်ခ အဖြစ် ငွေကြေးများရယူပြီး အလုပ်ရရှိရန် ဆောင်ရွက်မပေးနိုင်သည့် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီအချို့ကို အလုပ်သမား ဝန်ကြီးဌာနက   လိုင်စင်ရာသက်ပန် ပိတ်သိမ်းခဲ့ကြောင်းလည်း သိရသည်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ လုပ်ငန်းဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၄၈၇ ခုရှိပြီး (ထိုင်း) လိုင်စင်ရအေဂျင်စီ ၁၄၇ ခု ရှိနေသည်။ ပြည်ပ အလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများသည် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၉၀ အတွင်း စေလွှတ်ကြရမည်ဖြစ်သည်။ မိမိတို့စေလွှတ် လိုက်သည့် အလုပ်သမားများ သက်ဆိုင်ရာ နိုင်ငံများသို့ ရောက်ရှိပြီးနောက် အလုပ်ရှင် အလုပ်သမား မပြေလည်မှု၊   လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှု၊  သေဆုံးမှုဖြစ်စဉ်များ  ဖြစ်ပေါ်ပါကလည်း ရက်ပေါင်း ၃၀ အတွင်း ဖြေရှင်းဆောင်ရွက်ပေးရန်  တာဝန်ရှိ သည်။

 

ပြည်ပအလုပ်အကိုင်ဆိုင်ရာ   လုပ်ငန်းများနှင့်စပ်လျဉ်း၍ အလုပ်သမားဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီးနှင့်   မြန်မာပြည်ပ  အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ   အမှုဆောင်အဖွဲ့ဝင်များ  ပြီးခဲ့သည့်  နိုဝင်ဘာ  ၁၆  ရက်က  တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီး ဌာနအနေဖြင့် ပြည်ပသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များကို ပုံမှန်အတိုင်း ခွင့်ပြုပေးနေသည့်အတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် လုပ်ငန်းကော်မတီများက မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လုပ်ငန်းဆောင်ရွက်ရာတွင် အလုပ်သမား စေလွှတ်ရေးလုပ်ငန်းစဉ်များအပေါ် အပြည့်အဝတာဝန်ယူပြီး လုပ်ငန်းကို စိတ်ပါဝင်စား၍ ထိရောက်စွာ ဆောင်ရွက်ရန်တိုက်တွန်းကြောင်း၊ အလုပ်သမားရေးရာကိစ္စရပ်များ၊ ပြဿနာများ၊ ထူးခြားဖြစ်စဉ်များ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက သက်ဆိုင်ရာဌာနများသို့ သတင်းပို့၍ အလုပ်သမား   သံအရာရှိများနှင့်အတူ   အချိန်နှင့်တစ်ပြေးညီ  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့ စေလွှတ်သည့်  အလုပ်သမားများ  စတင်ထွက်ခွာချိန်မှ   မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့် အချိန်အထိ တာဝန်အပြည့်အဝရှိကြောင်း ပြောကြားခဲ့သည်ကို တွေ့ရသည်။

 

ယခုအခါ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ ယခင်ထက် ပိုမိုများပြားလာလျက် ရှိရာ အဆိုပါအေဂျင်စီများက ပြည်ပသို့ အလုပ်သမားစေလွှတ်ရေး ဆောင်ရွက်ရာတွင် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ကြရန်လိုသည်။ ထို့အပြင်  ပြည်ပရောက် မြန်မာအလုပ်သမားများ ပြည်တွင်းရှိ ၎င်းတို့၏   မိသားစုများထံ လွှဲပို့ငွေများကို နှစ်နိုင်ငံဘဏ်များမှတစ်ဆင့်  တရားဝင် ပြန်လည်လွှဲပို့နိုင်ရေး  စီစဉ်ဆောင်ရွက်ပေးရန်လည်းလိုသည်။  ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာ အလုပ်သမားများသည်လည်း သက်ဆိုင်ရာနိုင်ငံများ၏  ဥပဒေများနှင့် ဓလေ့ထုံးတမ်းများကို  လေးစား လိုက်နာကြပြီး လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းများ နှင့်အညီ စနစ်တကျနေထိုင်လုပ်ကိုင်ကြရန်လိုသည်။

 

ပြည်ပသို့ အလုပ်သမားများ စေလွှတ်လုပ်ကိုင်ခြင်းသည် ကာယကံရှင် အလုပ်သမားနှင့် ၎င်းတို့၏ မိသားစုများအတွက်သာမက အကျိုးဆောင်အေဂျင်စီအတွက်ရော နိုင်ငံအတွက်ပါ အကျိုး ဖြစ်ထွန်းစေသည်နှင့်အညီ  အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များတွင်လည်းကောင်း၊  အလုပ်သမားများ  ရင်ဆိုင်ကြရသည့် အခက်အခဲများ၊ ထိခိုက်နစ်နာမှုများကို  ပြေလည်အောင် ဖြေရှင်းရာတွင်လည်းကောင်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝိုင်းဝန်းဆောင်ရွက်ကြရပါမည့် အကြောင်း။

 

မြန်မာ့အလင်း