အလုပ်သမားဆေးရုံကြီး(မန္တလေး)၌ ကျောက်ကပ်တုသွေးသန့်စင်စက် လှူဒါန်းပွဲကျင်းပ

မန္တလေး မတ် ၂၈

 အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် မြန်မာနိုင်ငံအထက်ပိုင်းရှိ အကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွယ်ကူထိရောက်စေရန် ရည်ရွယ်၍  အလုပ်သမားဆေးရုံကြီး(မန္တလေး)ကို ခုတင် (၁၅၀)ဆံ့ဆေးရုံကြီးအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ အကြောအဆစ်ကုသမှုဌာန၊ သွားနှင့်ခံတွင်းကုသဌာန၊ မျက်စိကုသဆောင်၊ အရိုးကုသဆောင်၊ ဖျားနာကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ သားဖွားမီး ယပ်ကုသဆောင်၊ မေ့ဆေးဌာနနှင့် ခွဲစိတ်ကုသဆောင်ဟူ၍ ဆေးကုသဆောင်များထားရှိ ကုသပေးလျက်ရှိသည်။ 
  
ထို့အပြင် ပြင်ပလူနာများကို ကုသပေးခြင်းနှင့် လိုအပ်ပါက အတွင်းလူနာ အဖြစ်ကုသပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိရာ နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသော အာမခံအလုပ်သမား လူနာများအတွက် ကျောက်ကပ်တုသွေးသန့်စင်စက် (၂) လုံးကို ၂၀၂၃ခုနှစ်နိုဝင်ဘာ၂၉ ရက်တွင် တပ်ဆင်၍ ကျောက်ကပ်သန့်စင်ဆေးကြော ပေးလျက်ရှိရာ လူနာဦးရေ (၈)ဦးကို အကြိမ်ရေ (၆၄) ကြိမ်တိုင် ဆေးကြောပေးခဲ့ပြီးဖြစ်သည်။ 

ယခုအခါ ပိုမိုကောင်းမွန်ပြည့်စုံသော ကျောက်ကပ်သန့်စင်ဆေးကြောခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၅၉ လမ်းနှင့် (၁၁၄-B) လမ်းထောင့်ရှိ “နေလဖောင်ဒေးရှင်း” မိသားစုမှ တန်ဖိုးငွေကျပ် သိန်း ၆၃၀ တန်ဖိုးရှိသည့် NIKKISO DBB-27 made in JAPAN စက် (၂) လုံးကို “နေလဖောင်ဒေးရှင်း”၏ Founder ဖြစ်သော ဦးလောဝူး ကွယ်လွန်ခြင်း (၁၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မတ်၂၈ ရက် ယနေ့တွင် ကျန်ရစ်သူ သား/သမီးများက လှူဒါန်းလာသဖြင့် ကျောက်ကပ်တု သွေးသန့်စင်စက် (၂) လုံး လှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို အလုပ်သမားဆေးရုံကြီး (မန္တလေး)၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက် လက်ခံ၍ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်