အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ကျွမ်းကျင်မှုသင်တန်းများနှင့် ပုဂ္ဂလိက သက်မွေးသင်တန်းကျောင်းများသို့ ကြည့်ရှုအားပေး 

ရန်ကုန် ဇွန် ၂၄
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပသည့် လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် လေအေးပေးစက် ပြုပြင်တပ်ဆင်ခြင်းသင်တန်းနှင့် စားသောက်ဆိုင် ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။ 
အခမ်းအနားတွင် ဒုတိယဝန်ကြီးက သင်တန်းဆင်းများအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် မိမိတို့လူနေမှုဘဝ တိုးတက် မြင့်မားစေနိုင်သည်ကို လုပ်အားဖြင့်သက်သေပြရန်နှင့် CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှု လျော့နည်းပပျောက်စေရေးအတွက် တည်ဆဲအလုပ်သမားရေးရာဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင်  ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့သည်  ကမာရွတ်မြို့နယ်ရှိ  National Management Academy နှင့် ဗဟန်းမြို့နယ်ရှိ Shin Rai International Vocational Institute သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အတွင်း တွေ့ကြုံရသည့် အခက်အခဲများကို ကောင်းစွာဖြေရှင်းပေးနိုင်ရေး အသုံးချ စေလိုကြောင်း၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေး အတွက် ကျွမ်းကျင်လုပ်သားများ၏ စွမ်းဆောင်မှုသည် များစွာအရေးပါသဖြင့် သင်တန်းဆင်း ပြီးသည်နှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာပြီး အလုပ်ရှင်မှ အားကိုးယုံကြည်မှုရရှိရေး အလေး ထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်