အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြို သင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်    ဇွန် ၁၂

 

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြို သင်တန်း အမှတ်စဉ်(၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဖူလုံရေး အဖွဲ့ (ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အဖွင့် အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့သို့ အသစ်ဝင်ရောက်လာသည့် အငယ်တန်းစာရေး ဝန်ထမ်းများအတွက် လုပ်ငန်းခွင်ဆိုင်ရာ အသိပညာများ မြှင့်တင်ပေးနိုင်ရန် နိုင်ငံ့ဝန်ထမ်းများ သိသင့်သိထိုက်သည့် ဘာသာရပ်များ၊ မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ၊ လက်ရှိကျင့်သုံးဆောင်ရွက်နေသာ ဥပဒေ၊ နည်းဥပဒေကို သိရှိနားလည်တတ်ကျွမ်းကြပြီး ရုံးလုပ်ငန်း များတွင် အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချလုပ်ကိုင်သွားနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်ရှင်/ အလုပ်သမားများ၏ အကျိုး၊ အများပြည်သူ များ၏အကျိုးကိုရှေးရှုပြီး နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ် များနှင့်အညီ ဝန်ဆောင်မှု ပေးနေသော ဌာနအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း။

 

လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်သည့် စီမံကိန်းဖြစ်လာစေဖို့၊ ခေတ်စနစ်နှင့် ကိုက်ညီပြီး နိုင်ငံတကာအဆင့်မှီသည့် လူမှုဖူလုံရေးစနစ်များကို အကောင်အထည်ဖော်နိုင်စေရန် ရေရှည် မျှော်မှန်းချက်များ ချမှတ်လုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံဝန်ထမ်းများ လိုက်နာကျင့်ကြံရမည့် ဥပဒေ၊ နည်းဥပဒေများအပြင် ပါတီနိုင်ငံရေးကင်းရှင်း ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံတော်က ချမှတ်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းကို Hybrid Training ပုံစံဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ အသစ်ဝင်ရောက် လာသည့် အငယ်တန်းစာရေးဦးရေ ၅၀ တက်ရောက်ကြပြီး သင်တန်းကာလ (၁၀)ရက်ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။

(သတင်းစဉ်)