အလုပ်သမားဝန်ကြီးဌာနရှိ နိုင်ငံ့ဝန်ထမ်းများ၏ သား/သမီး  ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇွန် ၁

အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် နိုင်ငံ့ဝန်ထမ်းများ၏ သား/သမီး  ကျောင်းသား၊ ကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ခံအရာထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ နိုင်ငံ့ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများအား အထောက်အကူ ပြုစေရန် ပညာသင်ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားဖြစ်ကြောင်း၊

ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဆောင်ရွက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသော ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ရန် ဦးတည်ချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပညာကို သင်ယူလေ့လာထားသူသည် မိမိ တတ်မြောက်ထားသည့် ပညာနှင့်ဘဝကို ပြည့်စုံအောင်မြင်အောင် တည်ဆောက်နိုင် မည်ဖြစ်ပြီး မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ အတန်းပညာရှိမှသာ အသိပညာ၊ အတတ် ပညာတို့ကို တိုးတက်ရရှိနိုင်မည်ဖြစ်သည့်အတွက် ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန် မှာကြားထားကြောင်း။

နိုင်ငံတော်ကို အကျိုးပြုနိုင်သည့် စိတ်ရောကိုယ်ပါ ကြံ့ခိုင်ကောင်းမွန်သည့် လူကောင်းလူတော် နိုင်ငံ့သားကောင်းများကို မွေးထုတ်ပေးနိုင်ရေးအတွက် ပညာတတ် ရန်လိုပါကြောင်း၊ ပညာသည် အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်တို့ကို ဝေဖန်ပိုင်းခြား သိမြင်နိုင်ပြီး ပညာဉာဏ်အရောင်ဖြင့် လောကကို အလင်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သည်များ ကူညီပံ့ပိုးပေးခြင်း၊ အသိအမှတ် ပြုအားပေးခြင်းနှင့် ကောင်းမွန်မှန်ကန်သည့် အကြံဉာဏ်ပေးခြင်းများ ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဌာနအကြီးအကဲများ၊ ဝန်ထမ်းမိဘများအနေဖြင့် နိုင်ငံအတွက် အားကိုးအားထားပြုထိုက်သည့် လူငယ်များဖြစ်လာစေရေး၊ ပညာတတ် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးနှင့် အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် မွန်မြတ်သော စေတနာဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင် ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များ၏ ဇနီးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/ သမီးများအတွက် မူလတန်း (KG to Grade 5) တက်ရောက်သူ (၅၁၉) ဦး၊ အလယ်တန်း (Grade 6 to Grade 9) တက်ရောက်သူ (၂၁၈) ဦး၊ အထက်တန်း (Grade 10 to Grade 12) တက်ရောက်သူ (၁၃၈)ဦးနှင့် တက္ကသိုလ် တက်ရောက်ဆဲ ကျောင်းသား/ ကျောင်းသူ (၁၃၇) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၀၁၂)ဦးအတွက် ပညာသင်ထောက်ပံ့ကြေး စုစုပေါင်း ကျပ် ၁၂,၆၁၆,၀၀၀/-(ကျပ်တစ်ရာနှစ်ဆယ့်ခြောက်သိန်း တစ်သောင်းခြောက်ထောင်တိတိ)ကို ထောက်ပံ့ပေးအပ် ခဲ့ရာ ဌာနဆိုင်ရာကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

ထို့နောက် ယခုဘဏ္ဍာရေးနှစ်  စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ မှာကြားသည့် အစည်းအဝေးအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြား ကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်