အများအကျိုးစီးပွားဖျက်ဆီးမှုများကိုရှုတ်ချ

 

 

တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်အေးချမ်းသာစွာဖြင့် သွားလာလုပ်ကိုင်နိုင်ရန်အတွက် အဓိကအချက်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်အစိုးရများက လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများကို နိုင်ငံတစ်ဝန်း နယ်စပ်ဒေသများပါမကျန်  ဖြန့်ကြက် တည်ဆောက်ပေးထားသည်။ တိုင်းရင်းသားပြည်သူများမှာ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် သွားလာလုပ်ကိုင်နိုင်ကြသည်။

 

မကြာသေးမီကာလက ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကချင်ပြည်နယ် ဒေသအချို့တွင် EAO အဖွဲ့အချို့နှင့် အပေါင်းအပါတို့သည် ပြည်နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများ၊ နယ်မြေလုံခြုံရေး စခန်းများနှင့် ဌာနဆိုင်ရာရုံးများအား တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ကို ကြားသိကြရမည်ဖြစ်သည်။ ယင်းသို့တိုက်ခိုက်ခဲ့ရာတွင် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးထားကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်ရသည်။ တည်ဆောက်ပေးထားသော လမ်း၊ တံတားများမှာ စစ်ရေးအတွက် အသုံးပြုရန်မဟုတ်ဘဲ အများပြည်သူ အတွက် တည်ဆောက်ပေးထားခြင်းဖြစ်၍ ယင်းတို့ကို ဖျက်ဆီးခြင်းသည် ပြည်သူများ၏ဘဝကို ဖျက်ဆီးခြင်းပင် ဖြစ်သည်။

 

နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားပြည်သူများ မျှော်လင့်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးပါဝင်လာနိုင်ရေးအတွက် လမ်းဖွင့်ဖိတ်ခေါ် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ ငြိမ်းချမ်းရေးလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ငြိမ်းချမ်းရေး စားပွဲဝိုင်းတွင် ပါဝင်ဆွေးနွေးပြီး ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ပါဝင်လက်တွဲ ဆောင်ရွက်နေကြသည်။ သို့သော် EAO အဖွဲ့အချို့သည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ထာဝရငြိမ်းချမ်း ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် လိုက်ပါဆောင်ရွက်ခြင်းမရှိသည့် အပြင် နယ်စပ်ဒေသကုန်သွယ်ရေးပျက်စီးစေရန်နှင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်သွားစေရန်သာမက နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ထိခိုက်ပျက်စီးစေ လိုသော ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

 

EAO အဖွဲ့အချို့သည် ၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်တွင် အကြမ်းဖက်လမ်းစဉ်ကို နောက်ကွယ်မှ ပါဝင်လာခဲ့ပြီးနောက် ယခုအခါ ပြည်သူများ လိုလားသည့်ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုပြီး နိုင်ငံတော်နှင့် ပြည်သူ အကျိုးစီးပွားဖျက်ဆီးမှုများ ထင်ထင်ရှားရှားပြုလုပ်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် တိုင်းရင်းသားပြည်သူများ ထိခိုက်ဆုံးရှုံးမှုအမြောက်အမြားရှိခဲ့သည်။ ၂၀၂၁ ခုနှစ်မှ စတင်၍ အကြမ်းဖက်အဖွဲ့များက ဗုံးဖောက်ခွဲမှုများ ပြုလုပ်ခဲ့ရာတွင် ကားလမ်းမများတွင် အကြိမ်တစ်ထောင်ကျော်၊ ရထားလမ်းတွင် အကြိမ် ၆၀ ကျော်၊ တံတားများကို အကြိမ်တစ်ရာကျော်၊ မီးရှို့ဖျက်ဆီးမှုအနေဖြင့် ကားလမ်းမများတွင် အကြိမ် ၆၀ ခန့်၊ တံတားများကို အကြိမ် တစ်ဒါဇင်ကျော် ဖျက်ဆီးခဲ့သည်။

 

လတ်တလောဖြစ်စဉ်တွင် စစ်ရေးနှင့်မသက်ဆိုင်သော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အသုံးပြု သွားလာလျက်ရှိသည့် ရထားလမ်း၊ ကားလမ်းနှင့် တံတားများကို ဖောက်ခွဲဖျက်ဆီးခဲ့သောကြောင့် တိုင်းရင်းသား ပြည်သူများ ဆက်သွယ်သွားလာလုပ်ကိုင်မှုများ အခက်အခဲဖြစ်ပေါ်ပြီး စိတ်မချမ်းသာဖြစ်ကြရသည်။ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် စီးပွားတိုးတက်ရေးတွင်လည်း ထိခိုက်ဆုံးရှုံးမှုများ များစွာဖြစ်ပေါ်ခဲ့သည်။ တပ်မတော်သည် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ပြည်သူတို့၏လူမှုစီးပွားဘဝ လုံခြုံရေးအတွက် နယ်မြေလုံခြုံရေးတာဝန်ကို ထမ်းဆောင်လျက်ရှိသည်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးညှိနှိုင်းဆဲကာလတွင် တပ်စခန်းများကို တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် အကြိမ်ကြိမ်ဆက်သွယ် အသိပေးပြောကြားထားသော်လည်း အဆိုပါ EAO အဖွဲ့တို့က တပ်စုအဆင့်နယ်မြေ လုံခြုံရေးစခန်းငယ်များကို အလစ်အငိုက်တိုက်ခိုက်ခဲ့ကြသည်။

 

အထူးသဖြင့် KIA အဖွဲ့အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်အနီးတွင် လက်နက်ခဲယမ်း စက်ရုံများတည်ဆောက်၍ လက်နက်ခဲယမ်းများ ထုတ်လုပ်ကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်သကဲ့သို့ ပြည်တွင်းရှိ အကြမ်းဖက် အဖွဲ့များကိုလည်း အဖျက်အမှောင့်နှင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်နိုင်ရန် နောက်ကွယ်မှ လက်နက်ခဲယမ်းများ ပံ့ပိုးခြင်း၊ အားပေးခြင်း၊ ကိုယ်တိုင်လုပ်ဆောင်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ လက်နက်ကိုင် အကြမ်းဖက်နည်းလမ်းဖြင့် မည်သည့်အခါမျှ အောင်မြင်မှုမရနိုင်ဘဲ လတ်တလောတွင် တိုင်းရင်းသားပြည်သူများသာ အတိဒုက္ခရောက်ကြရသည်ကို စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့နေရပြီဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် ပြုလုပ်သော၊ တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝ ထိခိုက်ပျက်စီးအောင် ပြုလုပ်သော၊ လမ်း၊ တံတားများနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်စီးအောင်ပြုလုပ်သော အကြမ်းဖက်အဖျက်သမားများကို တပ်မတော်က တုံ့ပြန်မှုများပြုလုပ်လျက် ရှိသလို ပြည်သူများကလည်း ဝိုင်းဝန်းဆန့််ကျင်ရှုတ်ချလျက်ရှိပါကြောင်း။

 

ကြေးမုံ