အများပြည်သူအကျိုးထုတ်ဖော် သတင်းပေးသူများအား အကာအကွယ်ပေးရေး ဥပဒေကြမ်းပြုစုရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်  ၁၇  မေ

အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေး ဥပဒေ (မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲကို Grand Amara ဟိုတယ်တွင် ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်ဒီဇင်ဘာလတွင် ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း(UNCAC) ကို အတည်ပြု လက်မှတ်ရေးထိုးပြီးနောက် ၂၀၁၃ခုနှစ်ဇန်နဝါရီလမှစတင်၍ သက်ရောက်မှု ရှိခဲ့ပါကြောင်း၊ ဤကွန်ဗင်းရှင်း၏ အပိုဒ် ၃၃ နှင့်အညီ“ သတ်မှတ်ထားသော ပြစ်မှုများဆိုင်ရာအကြောင်းခြင်းရာ တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ရှိသော အာဏာပိုင်ထံသို့ လုံလောက်သော အကြောင်းပြချက်များအရ သဘောရိုးဖြင့် သတင်းပေးသူတစ်ဦးဦးအပေါ် မတရားသဖြင့်ပြုမူ ဆက်ဆံခြင်းမှ အကာအကွယ်ပေးရန် သင့်လျော်သော အရေးယူဆောင်ရွက်ချက်များကို ပြည်တွင်းဥပဒေ စနစ်အတွင်း၌ထည့်သွင်းပြဋ္ဌာန်းရန်အဖွဲ့ဝင်နိုင်ငံတိုင်းသည် စဉ်းစားဆောင်ရွက်ရမည်” ဖြစ်ပါကြောင်း။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက် (၂၀၁၈-၂၀၂၁) လုပ်ငန်းစဉ် ၁/၄ တိုင်ကြားသူနှင့် သတင်းပေးသူအား အကာအကွယ်ပေးရန်စီမံ ဆောင်ရွက်ခြင်း ခေါင်းစဉ်အောက်ပန်းတိုင်၁/၄ရ၁တွင်“ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ် ပေးရေးနှင့်သက်ဆိုင်သော ဥပဒေမူဘောင်ဖွံ့ဖြိုးတိုးတက်ရန် အစီအမံများဆောင်ရွက်ခြင်း” ဟုဖော်ပြထားပြီးဆောင်ရွက်ပြီးစီးရန် မျှော်မှန်းအချိန်ကာ လ၂၀၁၉၊ ၂၀၂၀ ဟု သတ်မှတ် ထားကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကတိကဝတ်များအပေါ် လေးစားလိုက်နာမှုရှိသည့် အနေနှင့် လည်းကောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအောင်မြင်ရေးအတွက် လိုအပ်ချက်တစ်ရပ်ကိုဖြည့်ဆည်း ပေးသည့်အနေနှင့် လည်းကောင်း၊ ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေးဥပဒေတစ်ရပ်လိုအပ်ကြောင်းကို ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါကြောင်း။

ဤဥပဒေသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကိစ္စတစ်ခုတည်းနှင့်ပတ်သက် နေခြင်းမဟုတ်ကြောင်း၊ အစိုးရဌာနများ၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ အားလုံးတွင် ထုတ်ဖော်သတင်းပေးသူများသည် ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ လူကုန်ကူးမှု၊ အစားအစာနှင့် ဆေးဝါးအတုပြုလုပ်မှု၊ သိပ္ပံနှင့်နည်းပညာ ဆိုင်ရာလိမ်လည်မှု၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု၊ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှု၊ ငွေညှစ်မှု၊ အထက်အောက်အနိုင်ကျင့်မှု၊ ဆရာမွေးတပည့်မွေးမှုစသည့်ကိစ္စများ အပါအဝင်ဖော်ထုတ်တိုက်ဖျက်ရာတွင်လည်း အရေးကြီးသောအခန်းကဏ္ဍမှပါဝင်လာမည် ဖြစ်ကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့်အင်စတီကျူးရှင်းများ ဖြောင့်မတ် တည်ကြည်မှုရှိပြီး ညီညွတ်ခိုင်မာစေရန်အတွက် အကျင့်ဖောက်ပြန်မှုများကို ဆက်လက် ထွေးပိုက်မထားတော့ဘဲ၊ ရဲရဲဝံ့ဝံ့ရှင်းထုတ်ကြရမည်ဖြစ်ကြောင်း၊ ယနေ့အချိန်မှ စလုပ်မှသာ နောင်ဆယ်စုနှစ်တစ်ခုမှာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်လာဖို့ အတွက် မျှော်လင့်နိုင်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာကိုယ်စားလှယ်များအနေနှင့် ယနေ့ဆွေးနွေးမည့် အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံ့ဝန်ထမ်းလောကဂုဏ် သိက္ခာပြန်လည်မြင့်မားလာစေရေး အတွက်၊ နောက်လူတွေအတွက် ဘယ်လိုအုပ်ချုပ်ရေးစနစ်မျိုး၊ ဘယ်လိုလုပ်ငန်းခွင် အခြေအနေ၊ ဘယ်လိုစည်းစနစ်ကျင့်ဝတ်မျိုးတွေနှင့် အမွေပေးထားခဲ့ချင်သလဲဆိုသည်ကို သမိုင်းတွင် မှတ်ကျောက်တင်ပြသနိုင်ရန်အတွက်၊ စိတ်ကောင်းစေတနာရှိစွာ၊ အမြော်အမြင်ကြီးမားစွာ၊ ဘက်လိုက်ခြင်းကင်းစွာနှင့်ဖြောင့်မတ် တည်ကြည်စွာ စဉ်းစားဆွေးနွေးပေးကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ဆက်လက်၍UNODC Country Office မှMs. Marie Pegie Cauchois က Whistle - blower Protection (WBP) ဆိုသည်မှာပထမဦးစွာ စုံစမ်းထောက်လှမ်း၍ အရေးယူရာတွင် အထောက်အကူပြုနိုင်ရန်ဖြစ်ကြောင်း၊ ထုတ်ဖော်သတင်းပေးသူအား လက်တုန့်ပြန်ခြင်းမခံရအောင် အကာအကွယ်ပေးရမှာဖြစ်ကြောင်း၊ ဖြောင့်သော သဘောဖြင့် သတင်းပေးသူအားအကာအကွယ်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း(UNCAC)အပိုဒ်၃၃နှင့်အညီ ဥပဒေရှိသင့်ကြောင်း၊ ဤဥပဒေ ပြဌာန်းနိုင်မှသာထုတ်ဖော်သတင်းပေးသူများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ ပထမဆုံး ခြေလှမ်းအနေဖြင့် ဤအလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ခြင်းကိုကြိုဆိုပါကြောင်းနှင့် လိုအပ်သည့် နည်းပညာအကူအညီများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

mdn

 

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်ရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှုးနှင့် အဖွဲ့ဝင်များ၊ပြင်ပဥပဒေပညာရှင်၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်UNDPနှင့် ပြည်ထောင်စုဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များက အများပြည်သူအကျိုးထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေး ဥပဒေ (မူကြမ်း) အပေါ်ဆွေးနွေးကြသည်။

အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်ရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှုးနှင့် အဖွဲ့ဝင်များ၊ ပြင်ပဥပဒေပညာရှင်၊ UNODC၊UNDPမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)