အများပါဝင်အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းများပြိုင်ပွဲတွင် ပုဂ္ဂလိကကုမ္ပဏီများအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်

ရန်ကုန် ၄ အောက်တိုဘာ

လူမှုရေးအကျိုး ဖြစ်ထွန်းစေမှုများ ဆောင်ကြဉ်းပေးသည့် စီးပွားရေးလုပ်ငန်းများကို အသိအမှတ်ပြုရန်အတွက် အများပါဝင် အကျိုးခံစားနိုင်သည့်စီးပွားရေး လုပ်ငန်းများပြိုင်ပွဲကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းက သိရသည်။

 

မြန်မာနိုင်ငံမှာ အများပါဝင်အကျိုးခံစားနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုရေးအကျိုးဆောင်ရွက်မှုတွေကို မိတ်ဆက်ပေးရာမှာ အထောက်အပံ့တွေပေးနေပါတယ် ဟု မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဦးအောင်သူရက ပြောသည်။

 

အများပါဝင်အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းများသည် အောက်ခြေရှိဝင်ငွေနည်းသူများ၊ ရင်ဆိုင်နေရသည့် အခက်အခဲများပြေလည်စေရန် စနစ်တကျ ဖြေရှင်းလုပ်ဆောင်ပေးနိုင်သည့် ကုမ္ပဏီများဖြစ်ပြီး အကျိုးအမြတ်ဖြစ်ထွန်းနိုင်သည့် စီးပွားရေးလုပ်ငန်းများ၏ တန်ဖိုးကွင်းဆက်များအတွင်း ဝင်ငွေနည်းပါးသူများကို အလုပ်အကိုင်များပေးအပ်ကာ စျေးကွက်ပေါက်စျေးထက် သာလွန်သည့်နှုန်းထားများဖြင့် ပေးချေကြကြောင်း သိရသည်။

 

အများပါဝင်အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းများပြိုင်ပွဲကို UK aid က ရန်ပုံငွေပံ့ပိုးထားသည့် Dana Facility နှင့် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး လူမှုရေးအကျိုးဖြစ်ထွန်းစေသည့် စီးပွားရေးလုပ်ငန်းပုံစံများ ကျင့်သုံးနေသည့် ပုဂ္ဂလိကကဏ္ဍမှ ကုမ္ပဏီများအားလုံးပါဝင်နိုင်ကာ လျှောက်လွှာများကို အောက်တိုဘာလ ၂၅ ရက်တွင် နောက်ဆုံးထားပေးသွင်းရမည်ဖြစ်သည်။

 

လျှောက်လွာများပေးသွင်းကာ လျှောက်ထားမှုအောင်မြင်သူများသည် ပြိုင်ပွဲနေ့တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ဂေဟစနစ်နှင့်ပတ်သက်၍ ဒိုင်လူကြီးများရှေ့တွင် ဖြေရှင်းဆောင်ရွက်မှုနည်းလမ်းများကို တင်ပြရမည်ဖြစ်ကာ အနိုင်ရရှိသူများကို နိုဝင်ဘာလ ၁၆ ရက်တွင်ပြုလုပ်မည့်နှစ်စဉ် စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များညီလာခံတွင် ဆုနှင့် အခွင့်အလမ်းများ ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး UK aid က ရန်ပုံငွေပံ့ပိုးထားသည့် အစီအစဉ်တစ်ခုဖြစ်သည်။

 

Thurain Kyaw