အမွေအနှစ်ပစ္စည်းများအား တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် “အိမ်ကအမွေအနှစ်” ဟူသော အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်

ရန်ကုန် ၁၂ မေ

 

ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားနေမှုကြောင့် ပြည်သူများ မိမိနေအိမ်တွင် နေထိုင်စဉ်ကာလအတွင်း အမွေအနှစ်ပစ္စည်းများအား တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍  ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ အိမ်ကအမွေအနှစ်ဟူသော အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အစီအစဉ်တွင် မိမိနေအိမ်ရှိ ၁၅ နှစ်အထက် သက်တမ်းရှိ အမှတ်တရပစ္စည်းတစ်ခု သို့မဟုတ် ၁၅ နှစ် သက်တမ်းမရှိသေးသော်လည်း ထင်ရှားသောဖြစ်ရပ်၊ ကာလအပိုင်းအခြား၊ ကြီးမားသော အပြောင်းအလဲ တစ်ခုခုနှင့် ဆက်စပ်ပစ္စည်းများကို ဓာတ်ပုံရိုက်ကာ ယင်းပစ္စည်းရောက်ရှိလာပုံ၊ လက်ရှိအချိန်ထိ အသုံးပြုခြင်း ရှိ/မရှိ၊ ထိန်းသိမ်းထားရသည့်အကြောင်းရင်းကို အကျဉ်းရေးကာ မိမိ၏ facebook စာမျက်နှာ(သို့) Instagram တွင် တင်ပေးရမည်ဖြစ်သည်။

 

ထိုသို့တင်ရာတွင် #heritageathome#yht ဟုထည့်ကာ Public အဖြစ် တင်ပေးရမည်ဖြစ်သည်။ ထို့ပြင် YangonHeritageTrust ကို Mention လုပ်ပေးခြင်း (သို့) messenger မှ Link / Screenshot အဖြစ်လည်း ပေးပို့နိုင်ကြောင်း သိရသည်။

 

မိမိအိမ်ရှိ အမွေအနှစ်ပစ္စည်းများကို ရွေးချယ်ရာတွင် တန်ဖိုးကြီးပစ္စည်းဖြစ်စရာမလိုဘဲ ကင်မရာအဟောင်း၊ ရေဒီယို၊ တူရိယာပစ္စည်း၊ အမှတ်တရရင်ထိုး၊ ဆုတံဆိပ်၊ အသုံးအဆောင်၊ နာရီ၊ မျက်မှန်၊စာအုပ်၊ ပို့စကတ်၊ ပန်းကန် ခွက်ယောက် စသည်ဖြင့် ကိုယ်တိုင် (သို့) မိသားစုမှ ထိန်းသိမ်းထားသောပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

 

အဓိကအနေနဲ့က အခုလို ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တားဆီးနိုင်ဖို့ အိမ်မှာနေရင်းနဲ့ မိမိရဲ့ မိသားစု အမွေအနှစ်တွေကို ပြန်လည်ရှာဖွေဖော်ထုတ်မယ်၊ အဲ့ဒီလို မိသားစုပိုင်အမွေအနှစ်ကို ထိန်းသိမ်းရာကတစ်ဆင့် နိုင်ငံရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းရာမှာ စိတ်အားထက်သန်စွာ ပါဝင်လာစေဖို့ ရည်ရွယ်တာပါဟု အိမ်အမွေအနှစ် အစီအစဉ်နှင့်ပတ်သက်၍ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ စီမံချက်အရာရှိ ကိုသူရိန်အောင်က ပြောသည်။

 

အစီအစဉ်ကို မေ ၈ ရက်တွင် စတင်ခဲ့ပြီး မေလကုန်အထိ လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအစီအစဉ်တွင် ပါဝင်သူများအနက်မှ အချို့ကိုရွေးချယ်ကာ Yangon Heritage Trust လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြပေးမည်ဖြစ်ပြီး အမှတ်တရ လက်ဆောင်များလည်း ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်), ဓာတ်ပုံ- YHT