အမေဇုံသစ်တောမီးလောင်မှုအပေါ် ကုလသမဂ္ဂနဲ့ ပြင်သစ်ရဲ့ စိုးရိမ်မြှင့်တက်လာ

၂၃ သြဂုတ်


ကုလသမဂ္ဂနဲ့ ပြင်သစ်နိုင်ငံက အမေဇုံမိုးသစ်တော မီးလောင်နေမှုနဲ့ပတ်သတ်ပြီး စိုးရိမ်ကြောင်း ကြာသပတေးနေ့က ထုတ်ဖော်ကြားရာ ဘရာဇီးသမ္မတ က ပြင်သစ်သမ္မတ ရဲ့ စိုးရိမ်မှုက ကိုလိုနီအတွေးအခေါ် နဲ့ စိုးရိမ်တာလို့ ပြောဆိုလိုက်ပါတယ်။


ပြင်သစ်သမ္မတက စနေနဲ့တနင်္ဂနွေမှာ ကျင်းပမယ့် G7 ဆွေးနွေးပွဲမှာ အမေဇုံမိုးသစ်တော မီးလောင်နေမှုကို ဆွေးနွေးရန် သူ့ရဲ့ တွစ်တာကနေ ဆော်သြလိုက်တဲ့အတွက် ဘရာဇီးသမ္မတက ပြင်သစ်က နိုင်ငံရေးအမြတ်ထုတ်တာဖြစ်ပြီး ကိုလိုနီအတွေးအခေါ်နဲ့ ပြောတာဖြစ်တယ်လို့ ဆိုပါတယ်။ 


ဘရာဇီးနိုင်ငံတွင်း မှာ တောမီးလောင်နေတာ ရှစ်လကြာဖြစ်ပြီး သစ်တောဧက ၇၃,ဝ၀ဝ မီးလောင်ပြီးကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုပမာဏဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ အများဆုံးဖြစ်ကြောင်း နဲ့ မီးလောင်တဲ့နေရာအများစုမှာ အမေဇုံမိုးသစ်တောမှာ ဖြစ်ကြာင်း သိရပါတယ်။ လက်ရှိမီးလောင်နှုန်းမှာ တစ်မိနစ်ကို ဘောလုံးကွင်း တစ်ကွင်းစာ လောင်ကျွမ်းကြောင်း ခန့်မှန်းကြပါတယ်။ 


ဘရားဇီး နဲ့ ဘိုလီးဗီးယားနိုင်ငံတွေက မိုးသစ်တောတွေ မီးလောင်နေခြင်းကြောင့်  မိုးသစ်တောရှိတဲ့ အိမ်နီးချင်း ပီရူးနိုင်ငံက သူတို့ကို သတိပေးလိုက်တာဖြစ်ကြောင်း ပီရူးနိုင်ငံက ကြေညာပါတယ်။ 

 
ဒီကနေ့ (သောကြာနေ့)မှာ ဘရာဇီးနိုင်ငံရှိ သဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားနေသူတွေက တောမီးကို နိုင်နိုင်နင်းနင်းငြိမ်းသက်ရန် ဆန္ဒပြပြီး တောင်းဆိုကြမှာ ဖြစ်ပါတယ်။  


MDN


ကိုးကား- AFP