အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ရောဘတ် အိုဘရီယန်ကို ခန့်အပ်မည်

ဝါရှင်တန် ၁၉  စက်တင်ဘာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ဓားစာခံရေးရာ အဆင့်မြင့်အရာရှိ ရောဘတ်အိုဘရီယန်ကို အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

အိုဘရီယန်သည် ဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် တတိယမြောက် အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ်အဖြစ် ဂျွန်ဘော်လ်တန်၏ နေရာ၌ ဝင်ရောက်လာတော့မည်ဖြစ်သည်။

ရောဘတ်အိုဘရီယန်သည် ကာလကြာရှည်စွာ လုပ်ငန်းများ ကြိုးစားလုပ်ဆောင်ခဲ့ကြောင်းနှင့် ၎င်း၏တာဝန်ကို အကောင်းဆုံး ထမ်းရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။

ရောဘတ် အိုဘရီယန်သည် ယခင်အစိုးရအဖွဲ့များအတွင်း ရာထူးတာဝန် အများအပြား ထမ်းဆောင်ခြင်းမပြုမီ ရှေ့နေ တစ်ဦးအနေဖြင့် လုပ်ကိုင်ခဲ့ကြောင်းသိရသည်။

အမျိုးသားလုံခြုံရေးအကြံပေးနေရာအတွက် နောက်ဆုံးလျာထားသူ ငါးဦးအနက် ထရမ့်က ၎င်းကို ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

အမေရိကန်၌ အမျိုးသားလုံခြုံရေးအကြံပေးရာထူးခန့် အပ်မှုတွင် ဆီးနိတ်လွှတ်တော်၏ အတည်ပြုချက်ရယူရန် မလိုအပ်ကြောင်း သိရသည်။

ဆင်ဟွာ