အမေရိကန် အမျိုးသမီး ဒီမိုကရက်တစ် အမတ်နှစ်ဦးကို ပြည်ဝင်ခွင့် အစ္စရေးက တားဆီး

ဝါရှင်တန် ၁၆  သြဂုတ်

အမေရိကန်လွှတ်တော် အမျိုးသမီး အမတ်နှစ်ဦးသည် အစ္စရေးသို့ လာရောက်ရန်ရှိရာ ၎င်းတို့နှစ်ဦးအား ပြည်ဝင်ခွင့်မပေးရန် အစ္စရေးအစိုးရကို အမေရိကန်သမ္မတထရမ့်က တောင်းဆိုခဲ့ ပြီးနောက် အစ္စရေးအစိုးရသည် ၎င်းတို့နှစ်ဦးကို ပြည်ဝင်ခွင့် မပေးခဲ့ပေ။

အစ္စရေးနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဇစ်ပီဟော့တို ဗလီက သြဂုတ် ၁၅ ရက်တွင် ဒီမိုကရက်တစ်လွှတ်တော် အမတ်နှစ်ဦးဖြစ်သည့် ရာရှီဒါ တလစ်ဘ်နှင့် အီဟန်အိုမာတို့ကို အစ္စရေးနိုင်ငံသို့ ဝင်ရောက်ခွင့်မပြုကြောင်း အတည်ပြုခဲ့သည်။

အစ္စရေးနိုင်ငံက ဂျေရုဆလင်နှင့် အနောက်ဘက်ကမ်းတွင် အခြေချနေထိုင်မှုများအပေါ် ပြုမူမှုများနှင့်ပတ်သက်ပြီး စစ်ဆေးရန် အဆိုပါ အမျိုးသမီးနှစ်ဦးက လာရောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယခုလိုတားမြစ်လိုက်ခြင်းသည် အစ္စရေးနိုင်ငံက ပထမဆုံးအကြိမ် မဟာမိတ်နိုင်ငံမှလူများကို ပြည်ဝင်ခွင့် တားမြစ်လိုက်ခြင်းပင်ဖြစ်သည်။

အကူအညီပေးရေး လုပ်သားများကလည်း အတိတ်ကာလတုန်းက အစ္စရေးနိုင်ငံသည် ယခုလို ပြည်ဝင်ခွင့်ပိတ်ပင်မှုများ ပြုလုပ်ခဲ့ဖူးကြောင်း စောဒကတက် ပြောဆိုခဲ့ကြသည်။

ယခုလို ဆုံးဖြတ်ချက်ကိုကြည့်လျှင် အမေရိကန်သမ္မတထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ကြား နက်ရှိုင်းသည့် ဆက်ဆံရေးကို တွေ့မြင်နိုင်သည်ဟု လေ့လာသူများက ပြောသည်။ အဆိုပါ အမျိုးသမီးအမတ်နှစ်ဦးမှာ ထရမ့်အပေါ် ဝေဖန်ပြောဆိုခဲ့မှုများရှိရာ ထရမ့်က အစ္စရေး ဝန်ကြီးချုပ်ထံ ၎င်းတို့နှစ်ဦးအား ပြည်ဝင်ခွင့်မပေးရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

အစ္စရေးနိုင်ငံ၏ အပြုအမူမှာ လက်ခံနိုင်ဖွယ်ရာမရှိဟု ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပါလက်စတိုင်းဒေသသို့ လာရောက်ကြည့်ရှုလိုသော အမျိုးသမီးအမတ်နှစ်ဦးကို အစ္စရေးက ယခုလိုလုပ်ပိုင်ခွင့်မရှိဟု ပြောဆိုခဲ့သည်။ ကျန်သည့် ကမ္ဘာ့အစိတ်အပိုင်းနှင့် ပါလက်စတိုင်းတို့ ဆက်သွယ်မှုကို အစ္စရေးက ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်ဟု ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့က ပြောသည်။

အင်န်အိတ်ချ်ကေ