အမေရိကန် ဒရုန်းယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန် အရပ်သား ၃၀ ဦးသေဆုံး

၂၀ စက်တင်ဘာ


အမေရိကန် ဒရုန်းယာဉ်တစ်စင်းဖြင့် အာဖဂန်နစ္စတန် နိုင်ငံရှိ အစ္စလာမ်မစ်တို့ ပုန်းအောင်းရာ နေရာတစ်ခုကို ချေမှုန်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။


အာဖဂန်အရှေ့ပိုင်း နာဂါဟာပြည်နယ်တွင် စက်တင်ဘာ ၁၈ ရက်နေ့ညပိုင်းက လယ်သမားများနှင့် အလုပ်သမားများ မတော်တဆ ထိခိုက်မှု ဖြစ်ပွားကာ အခြား ၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရိုက်တာနှင့် အခြား သတင်းဌာနများက ဖော်ပြထားသည်။


အဆိုပါ တိုက်ခိုက်မှုအပြီး နာရီများစွာအကြာ အာဖဂန် တောင်ဘက်ပိုင်းတွင် ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ လူ ၂၀ ဦး သေဆုံးပြီး လူပေါင်း ၈၀ ကျော် ဒဏ်ရာရရှိခဲ့သည်။


ထိုပေါက်ကွဲမှုကြောင့် အနီးနားရှိ ဆေးရုံတစ်ရုံနှင့် လူနေအိမ်များ ပျက်စီးသွားခဲ့သည်။


၎င်းစစ်သွေးကြွများသည် ထိုဒေသရှိ အစိုးရ ထောက်လှမ်းရေး အေဂျင်စီတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တာလီဘန် ထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြခဲ့သည်။


ကိုးကား- ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို