အမေရိကန် ရွေးကောက်ပွဲကို ရည်ရွယ်ပြီး အကောင့် ၁၂၉ ခုအား ရုရှားအေးဂျင့်များ ဖန်တီးခဲ့ကြောင်း ဖေ့စ်ဘုတ်ထုတ်ပြန်

ဝါရှင်တန် ၂၆ ဇန်နဝါရီ

 

အခြားနိုင်ငံများ၏ ရွေးကောက်ပွဲများ နိုင်ငံရေးကိစ္စများတွင် ရုရှားဘက်က ဝင်ရောက်စွက်ဖက်မှု ရှိမရှိကို Facebook က ပြန်လည်စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်းကို ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ထုတ်ပြန်ထားခဲ့ပါတယ်။

 

ဇန်နဝါရီ ၂၆ ရက်မှာတော့ ရုရှားအေးဂျင့်တွေက အမေရိကန်နိုင်ငံရဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခမ်းအနား သဘောမျိုး Facebook Page  ၁၂၉ ခု တည်ဆောက်ခဲ့ကြောင်း အမေရိကန် ကွန်ဂရက်မှာ သက်သေများနဲ့အတူ ထုတ်ပြန်လိုက်ပါတယ်။ မဲဆန္ဒရှင်တွေကို သတင်းအချက်အလက်တွေ ထင်ယောင်ထင်မှား ဖြစ်စေဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

 

အဲဒီ Facebook Page တွေကို အခြားဖေ့စ်ဘုတ် အကောင့် ၃၃၈၃၀ဝ လောက် ဝင်ရောက်ကြည့်ရှုခဲ့ကြောင်းနဲ့ ၆၂၅၀ဝ လောက်က ရွေးကောက်ပွဲကို တက်ရောက်ခဲ့သည့် သဘောမျိုး မှတ်ချက်ပေးထားတာကို တွေ့ရတယ်လို့ သိရပါတယ်။ ဖေ့စ်ဘုတ် ကုမ္ပဏီဘက်ကတော့ ဒီ event page တွေကို ဘယ်ကနေ ဖွင့်ခဲ့တာလဲဆိုတဲ့ အချက်အလက်တွေတော့ မရသေးကြောင်း ထုတ်ပြန်ထားပါတယ်။

 

အဲဒီ ဖေ့ဘုတ်အကောင့်အချို့ဟာ ပြည်တွင်း အင်အားစုအတွင်း နိုင်ငံရေး သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးဖို့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ရုရှားဘက်ကတော့ အမေရိကန်ရဲ့ နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေကြောင်း အမေရိကန် စုံစမ်းထောက်လှမ်းရေး အေဂျင်စီ (CIA) ရဲ့ စွပ်စွဲချက်ကို ငြင်းပယ်ထားပါတယ်။

 

အမေရိကန် အထက်လွှတ်တော် စုံစမ်းရေးကော်မတီရဲ့ တောင်းဆိုမှုကြောင့် ဖေ့စ်ဘုတ်ကုမ္ပဏီဘက်က အခုလို ပြန်လည်စစ်ဆေးမှုတွေ ပြုလုပ်ပြီး အချက်အလက်တွေကိုလည်း လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ ၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရန့်ရဲ့ မဲဆွယ်စည်းရုံးရေးကို အထောက်အကူပြုဖို့ ရုရှားအေးဂျင့်တွေဘက်က အွန်လိုင်းဈေးကွက်ပေါ်မှာ မဲဆွယ်စည်းရုံးရေးသဘော ဆင်တူရိုးမှား လှုပ်ရှားမှုတွေ ရှိခဲ့တယ်လို့ ဖေါ်ပြပါရှိတာကို တွေ့ရပါတယ်။ အဲဒီ ဖေါ်ပြချက်နဲ့ ပတ်သက်လို့ အမေရိကန် အထက်လွှတ်တော်နဲ့ အထူးစုံစမ်းစစ်ဆေးရေး ကောင်စီရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ဒေါ်နယ်လ်ထရန့်က ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားပါတယ်။

 

ဖေ့စ်ဘုတ်ရဲ့ အသိပေးချက်အရ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အမေရိကန်မှာ ရုရှား ကျောထောက်နောက်ခံ ပြုထားတဲ့ နိုင်ငံရေးသမားများရဲ့ အကောင့်တွေကို ရှိနေခဲ့ပြီး အချို့က အင်စတာဂရမ်ပေါ်ကနေ ရုရှားဘက်ကို သတင်းအချက်အလက် ပေးပို့နေတယ်လို့ သိရပါတယ်။

 

Facebook ကုမ္ပဏီအပြင် Twitter နဲ့ Google လို နည်းပညာ ကုမ္ပဏီကြီးတွေဟာလည်း  အမေရိကန်အစိုးရရဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေရပြီး သူတို့ရဲ့ ဝန်ဆောင်မှုကို အလွဲသုံးစားလုပ်နေကြောင်း ၎င်းတို့ကိုယ်တိုင်က ထုတ်ဖော်ပြောကြားထားပါတယ်။ ဖေ့စ်ဘုတ်ဟာလည်း အန္တရာယ်ပေးနိုင်တဲ့ ကုဒ်တွေကို ရေးသားနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုရှားအခြေစိုက် Kaspersky Lab ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲလ်တွေကို ဖေ့စ်ဘုတ်သုံးစွဲသူတွေ အသုံးမပြုဖို့ စာရင်းပယ်ဖျက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

 

Kaspersky Lab ကုမ္ပဏီဘက်ကတော့ စွပ်စွဲမှုတွေကို ငြင်းဆန်ထားပြီး ၎င်းရဲ့ ဆော့ဖ်ဝဲလ်ကို ရုရှားထောက်လှမ်းရေးအတွက် အသုံးမပြုခဲ့ဘူးလို့ ပြောဆိုထားပါတယ်။ အမေရိကန် အစိုးရကတော့ အစိုးရ ကွန်ပျူတာတွေမှာ Kaspersky ဆော့ဖ်ဝဲလ်ကို အသုံးမပြုကြဖို့ ပိတ်ပင်တားမြစ်လိုက်ကြောင်း ရိုက်တာသတင်းရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။

 

MDN