အမေရိကန် သမ္မတသစ် က  မျက်နှာဖုံး ဝတ်ဆင်ခြင်းနဲ့  quarantine အမိန့်တွေ ထုတ်ပြန်

၂၂ ဇန်နဝါရီ

 

 

သမ္မတသစ် ဂျိုးဘိုင်ဒင် က အမေရိကန်နိုင်ငံကို လာရောက်မယ့် ခရီးသွားတိုင်း သီးသန့် စောင့်ကြည့်မှုအောက်မှာ နေထိုင်ရမယ်ဆိုတဲ့ (quarantine) အမိန့်နဲ့ နိုင်ငံတွင်းက အများသုံး ရထားတွေ၊ လေယာဉ်ပျံတွေနဲ့ ဘတ်စ်ကားတွေပေါ်မှာ မျက်နှာဖုံး ဝတ်ဆင်ရမယ်ဆိုတဲ့ အမိန့်တွေကို ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု တားမြစ်ရေးအတွက် နိုင်ငံတကာကနေ အမေရိကန်နိုင်ငံကို လာရောက်မယ့်သူတိုင်း လေယာဉ်ပေါ် မတက်မီ ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း စစ်ဆေးချက် ပါရှိရန် လိုအပ်ပြီး အမေရိကန်နိုင်ငံကို ရောက်ရောက်ချင်း သီတင်း ၂ ပတ် သီးသန့် နေထိုင်ရမယ်လို့ သမ္မတ ဘိုင်ဒင်ရဲ့ အမိန့်မှာ ပါရှိပါတယ်။

 

 

သမ္မတ တာဝန်ယူပြီး နောက်တစ်ရက်မှာ ဘိုင်ဒင် အစိုးရရဲ့ ကပ်ရောဂါပိုး တိုက်ဖျက်ရေး မဟာဗျူဟာ စာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။ စာမျက်နှာ ၂၀၀ ပါ စာတမ်းတွင် ကာကွယ်ဆေး ထိုးပေးရေး အစီအစဉ်၊ ရောဂါပိုး စစ်ဆေးရေး၊ ကျောင်းသူကျောင်းသားတွေ ကျောင်းပြန်တက်နိုင်ရေး၊ လုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ရေးနဲ့ လူထုကြား ယုံကြည်မှုတည်ဆောက်ရေးစတဲ့ အကြောင်းအရာတွေ ပါဝင်ကြောင်း သိရပါတယ်။

 

 

ဒါ့အပြင် အရေးပေါ် စီမံချက်အရ ကာကွယ်ဆေးနဲ့ ကျန်းမာရေး အထောက်အကူ ပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ခြင်းနဲ့ ရောဂါပိုး စစ်ဆေးပေးမယ့် စင်တာတွေကို ထပ်မံ ဆောက်လုပ်ရန် စီစဉ်ထားကြောင်း သိရပါတယ်။

 

 

သမ္မတ ဘိုင်ဒင်က ဖေဖော်ဝါရီ ၇ ရက် သို့မဟုတ် ၈ ရက်နေ့ အရောက်မှာ ဗဟိုအစိုးရရဲ့ ထောက်ပံ့မှုနဲ့ ဒေသဆိုင်ရာ ကာကွယ်ဆေး ထိုးပေးမယ့် စင်တာတွေကို နိုင်ငံတစ်ဝန်းမှာ စတင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်း ပြောကြားပါတယ်။

 

 

ဇန်နဝါရီ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ Pfizer နဲ့  Moderna ဆေးကုမ္ပဏီတွေကနေ ထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး ၃၅.၉ သန်းဟာ နိုင်ငံတစ်ဝန်းကို ဖြန့်ချိထားပြီးကြောင်းနဲ့ ဖြန့်ချိထားတဲ့ ပမာဏရဲ့ ၄၆ ရာခိုင်နှုန်း (၁၆.၅ သန်း) ဟာ အသုံးပြုပြီးကြောင်း သိရပါတယ်။

 

 

 

MDN

ကိုးကား - AFP