အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ် အဆိုပြုရွေးချယ်ခြင်းခံထားရသော အေမီ ကော်နီဘားရက်အား အရည်အချင်းဆိုင်ရာ အကဲဖြတ်စစ်ဆေးခြင်းများ စတင်ကြားနာ

ဝါရှင်တန် ၁၄ အောက်တိုဘာ

 

အမေရိကန်အထက်လွှတ်တော် တရားရေးကော်မတီက တရားရုံးချုပ်တရားသူကြီးအဖြစ် အဆိုပြုရွေးချယ်ခြင်းခံထားရသော အေမီ ကော်နီ ဘားရက်အား ၎င်း၏ အရည်အချင်းဆိုင်ရာ အကဲဖြတ်စစ်ဆေးခြင်းကို အောက်တိုဘာ ၁၂ ရက်နေ့က စတင်ကြားနာခဲ့ကြောင်း သိရသည်။

 

လွန်ခဲ့သောလက သေဆုံးခဲ့သည့် တရားရုံးချုပ် တရားသူကြီးဟောင်း  ရုဘာဒါ ဂျင်းစ်ဘာ့ဒ်၏ ရာထူးနေရာတွင် အေမီ ကော်နီဘားရက်ကို အစားထိုးခန့်အပ်ရန် သမ္မတ ဒေါ်နယ် ထရမ့်က အဆိုပြုခဲ့သည်။

 

သမ္မတ ထရမ့်၏ အဆိုပြုချက်ကို ဒီမိုကရက်လွှတ်တော်အမတ် အချို့က ပြင်းထန်စွာ ကန့်ကွက်ခဲ့သော်လည်း အထက်လွှတ်တော်အနေဖြင့် အခြေခံဥပဒေပါ   ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်ဟု အထက် လွှတ်တော်တရားရေးကော်မတီ ဥက္ကဋ္ဌ        လင်းဆေးဂရေဟန်က ဆိုသည်။

 

မိမိအား တရားသူကြီးအဖြစ် အဆိုပြုရွေးချယ်ထားသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် အဆိုပါ ရာထူးနေရာတွင် တာဝန်ယူထမ်းရွက် ရမည်ဆိုပါက သစ္စာရှိစွာနှင့် ဘက်လိုက်ခြင်းမရှိဘဲ တာဝန်ကျေပွန်စွာ ထမ်းရွက်မည်ဖြစ်ပါကြောင်း အေမီ ကော်နီဘားရက်က ပြောကြားခဲ့သည်။

 

သမ္မတ ထရမ့်နှင့် အခြားရီပတ်ပလီကန်အမတ်များက ၎င်းတို့၏ မူဝါဒများ ဆက်လက် အကောင်အထည်ဖော်နိုင်စေရန် တရားရုံးချုပ် တရားသူကြီးနေရာတွင် အေမီ ကော်နီ ဘားရက်အား အနိုင်ရရှိစေချင်ကြသည်။

 

သို့သော် ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်က တရားရုံးချုပ်တွင်   ရီပတ်ပလီကန်အများစု နေရာရရှိမည်ဆိုပါက နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာအာမခံစနစ် အပါအဝင် နိုင်ငံသားများ၏ အခြားသော အခွင့်အရေးများ ဆုံးရှုံးမည်ကို စိုးရိမ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်