အမေရိကန်အား နျူကလီးယားအရေးဆွေးနွေးပွဲသို့ ပြန်လည်တက်ရောက်ရန် အီရန်တိုက်တွန်း

တီဟီရန် ဇွန် ၂၀

၂၀၁၅ နျူကလီးယား သဘောတူညီချက် ပြန်လည်ရရှိရေးအတွက် ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ပြန်လာရန် အမေရိကန် နိုင်ငံအား အီရန်ကတိုက်တွန်းလိုက်ကြောင်း သိရသည်။

အီရန်အနေဖြင့် သံတမန်နည်းလမ်းအရ အဆိုပါ နျူကလီးယား သဘောတူညီချက် ပြန်လည်အသက်ဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆာအက်ခါတီဇဘက်က ပြောကြားသည်။ 

အမေရိကန်နိုင်ငံသည် အီရန်အရေးနှင့်ပတ်သက်၍ သမ္မတဟောင်း ထရမ့်ကျင့်သုံးခဲ့သည့် အီရန်ဆန့်ကျင်ရေး နည်းလမ်းအား ဆက်လက်ကျင့်သုံးနေသည်ကို တွေ့ရကြောင်း၊ သို့ရာတွင် အီရန်အနေဖြင့် နျူကလီးယား ဆွေးနွေးပွဲစတင်ချိန် ၂၀၂၁ ဧပြီလမှစတင်၍ နျူကလီးယားအရေး သဘောတူညီချက်ရရှိရန် ညှိနှိုင်းမှုပြုလုပ်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ နိုင်ငံတကာ နျူကလီးယားစွမ်းအင်အေဂျင်စီ၏ အစည်းအဝေး၌ အီရန်အား ကန့်သတ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သော်လည်း အီရန်အနေဖြင့် ညှိနှိုင်းဆွေးနွေးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ အီရန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် နျူကလီးယားသဘောတူညီချက်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့သော်လည်း အမေရိကန် သမ္မတဟောင်း ထရမ့်လက်ထက် ၂၀၁၈ ခုနှစ်တွင် အမေရိကန် နိုင်ငံသည် အဆိုပါသဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ