အမေရိကန်စစ်အခြေစိုက်စခန်း၌ မိုးကြိုးပစ်မှုဖြစ်ပွားသဖြင့် စစ်သားတစ်ဦးသေဆုံး၊ ကိုးဦးဒဏ်ရာရ

ဇူလိုင် ၂၁

 

အမေရိကန်ပြည်ထောင်စု၏အရှေ့တောင်ဘက် ဂျော်ဂျီယာပြည်နယ်ရှိ Fort Gordon အမေရိကန်စစ်အခြေစိုက်စခန်းတွင် ယမန်နေ့က မိုးကြိုးပစ်မှုကြောင့် အရန်စစ်သားတစ်ဦးသေဆုံးပြီး အခြားကိုးဦး ဒဏ်ရာရရှိကြောင်း သိရသည်။

 

အဆိုပါအခြေစိုက်စခန်း၌ ရာသီဥတုဆိုးရွားနေချိန် မနက် ၁၁ နာရီ ၁၀ မိနစ်က  ၎င်းတို့၏လေ့ကျင့်ရေးကွင်းများအနက် တစ်ခုတွင် မိုးကြိုးပစ်သဖြင့် စစ်သားများ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ထိုအခြေစိုက်စခန်းရှိ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်မီဒီယာသို့ ပြောကြားသည်။

 

ထိုဒဏ်ရာရစစ်သားများကို ၎င်းအခြေစိုက်စခန်းရှိ ဆေးကုသရေးစင်တာသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောသည်။

 

Fort Gordon ဌာန၏ အရေးပေါ်တာဝန်နှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုအဖွဲ့က ထိုဖြစ်ပွားရာနေရာသို့ ချက်ချင်းပင်သွားရောက်ဆောင်ရွက်ခဲ့သည်ဟု သက်ဆိုင်ရာအာဏာပိုင်များက ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို