အမေရိကန်ဒေါ်လာ နှစ်ဘီလီယံတန်ဖိုးရှိ ဉာဏ်ရည်တု နည်းပညာ သုတေသနစခန်းတစ်ခု တရုတ် တည်ထောင်မည်

ပေကျင်း ၃ ဇန်နဝါရီ

 

ဉာဏ်ရည်တု နည်းပညာနဲ့ပတ်သက်လို့ ၂၀၂၅ မှာ ကမ္ဘာ့ထိပ်တန်းဦးဆောင်သူဖြစ်လာဖို့ ပေကျင်းဟာ အမေရိကန်ဒေါ်လာ ၂.၁၂ ဘီလီယံတန်ဖိုးရှိ Artificial Intelligence (AI)  ဉာဏ်ရည်တု နည်းပညာ သုတေသန ဖွံ့ဖြိုးရေးစခန်းတစ်ခုကို မြို့တော်အရှေ့ပိုင်းမှာ တည်ဆောက်သွားဖို့ စီစဉ်နေကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရပါတယ်။
အဆိုပါ စခန်းမှာ နည်းပညာလုပ်ငန်းကုမ္ပဏီပေါင်း လေးရာခန့်ပါဝင်မှာဖြစ်ပြီး နှစ်စဉ် ယွမ်သန်း ငါးဆယ်ခန့် ရှာဖွေပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

 

သုတေသနစခန်းမှာ ပူးပေါင်းလုပ်ဆောင်မယ့် ပြည်ပတက္ကသိုလ်တွေကို ရှာဖွေနေပြီး အမျိုးသားအဆင့် စီမံကိန်းအဖြစ် အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ အဆိုပါစီမံကိန်း လုပ်ဆောင်နေသူ ကျုံးကွမ်ချန် အုပ်စုက ပြောကြားထားပါတယ်။ ယခုလိုဖော်ဆောင်လိုက်ခြင်းဖြင့်  တိုးတက်လာမယ့် တရုတ်ရဲ့ဉာဏ်ရည်တု နည်းပညာဟာ အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာ ဉာဏ်ရည်တုအက်ပလီကေးရှင်းတွေကို ယှဉ်ပြိုင်နိုင်မှာ ဖြစ်တာကြောင့် ပေကျင်းနဲ့ အမေရိကန်ကြား ဖြစ်ပေါ်နေတဲ့တင်းမာမှုတွေကို ချိုးဖျက်ပစ်နိုင်မှာ ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံဟာ ၂၀၂၀ မှာ ပြည်တွင်းထုတ်ကုန်အရ ယွမ် ၁၅၀ ဘီလီယံကျော်၊ ၂၀၂၅ မှာ ယွမ် ဘီလီယံ ၄၀ဝ ကျော် တိုးတက်ရရှိဖို့ မျှော်မှန်းထားတဲ့အပြင် ၂၀၁၇ မှာ ချမှတ်ခဲ့တဲ့ ဖွံ့ဖြိုးရေးလမ်းစဉ်အရ ဉာဏ်ရည်တု နည်းပညာကို အမျိုးသားအဆင့် ရည်မှန်းချက်ထားပြီး ပူးပေါင်းဆောင်ရွက်ဖို့ ပုဂ္ဂလိကလုပ်ငန်းတွေ၊ ပြည်သူတွေနဲ့ စစ်ဘက်ကို တိုက်တွန်းထားပြီး ဉာဏ်ရည်တု နယ်ပယ်မှာ သုတေသနနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ စီမံကိန်းတွေကိုလည်း ချပြခဲ့ပါသေးတယ်။

တရုတ်ဟာ အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Google ရဲ့ search engine လုပ်ဆောင်ချက်တွေကို firewall နဲ့ ကန့်သတ် ပိတ်ပင်ထားပေမယ့် ပြီးခဲ့တဲ့လက Google ကုမ္ပဏီက ပေကျင်းအခြေစိုက် ဉာဏ်ရည်တု နည်းပညာ သုတေသနအဖွဲ့တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံတွင်းက စိတ်ပါဝင်စားသူတွေကို လက်တွဲခေါ်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

 

ယခု ဖော်ဆောင်မယ့် ဉာဏ်ရည်တု နည်းပညာ သုတေသနစခန်းဟာ ကြီးမားလှတဲ့ ကိန်းဂဏန်း အချက်အလက်တွေ ကိုင်တွယ်လုပ်ဆောင်နိုင်ဖို့ နဲ့  cloud computing နဲ့ ခန္ဓာဗေဒ မှတ်ပုံတင်ခြင်း စတဲ့နည်းပညာတွေကို လေ့လာသွားဖို့ ဖြစ်တယ်လို့ သိရပါတယ်။
မကြာမီကပဲ ပေကျင်းဟာ နေရာတချို့မှာ ဉာဏ်ရည်တု နည်းပညာနဲ့ ဖော်ဆောင်ထားတဲ့ မောင်းသူမဲ့ကားနဲ့ ရထားတွေ ပြေးဆွဲခဲ့ပါသေးတယ်။

 

ဘာသာပြန် > မိုးမမ
ကိုးကား > ရိုက်တာ

 

mdn