အော့တဝါ ဖေဖော်ဝါရီ ၁၈
အမေရိကန်နိုင်ငံ မန်နီဆိုတာပြည်နယ် မိုင်နီပိုလစ်မြို့မှ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ ပီယာဆန်လေဆိပ်သို့ ပျံသန်းလာသည့် ဒယ်လ်တာလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ပီယာဆန် လေဆိပ်တွင် ပျက်ကျခဲ့ရာ ခရီးသည် ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့ ဆင်ဟွာ သတင်းအရ သိရသည်။
လေယာဉ်ဆင်းသက်ချိန်တွင် ဆီးနှင်းများကျဆင်းခြင်းနှင့် လေပြင်းများတိုက်ခတ်ခြင်းကြောင့် လေယာဉ်ပျက်ကျရာတွင် ကိုယ်ထည်မှာ ပက်လက်လန်သွားခဲ့သည်။
လေယာဉ်အရှေ့ဘက်နှင့်အနောက်ဘက်တံခါးများမှ ခရီးသည်များထွက်ခွာ လာခြင်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များက လေယာဉ်အား ရေဖြင့်ဖျန်းပက်နေပုံကို ရုပ်သံဖိုင်များတွင် တွေ့ရှိရသည်။
ကလေးတစ်ဦးအပါအဝင် ခရီးသည်သုံးဦးတွင် ပြင်းထန်သည့်ဒဏ်ရာရရှိခဲ့ကာ ၁၂ ဦးမှာ သာမန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးသွားမည်ဟု ကနေဒါ သယ်ယူ ပို့ဆောင်ရေး ဘုတ်အဖွဲ့က ပြောကြားသည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၈၀ မှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း ကနေဒါပို့ဆောင်ရေးဝန်ကြီး အေနီဒါအာနန်က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ