အမေရိကန်၏ အဓိကရည်မှန်းချက်မှာ အိုင်အက်စ်အဖွဲ့ကိုဖြိုခွင်းရန်ဟု ကာကွယ်ရေးဝန်ကြီး အက်စပါပြော

mdn

ဝါရှင်တန် ၃၀ အောက်တိုဘာ


သမ္မတဒေါ်နယ်ထရန့်က အိုင်အက်စ်အဖွဲ့ ခေါင်းဆောင် အဘူဘာကာအယ်လ်ဘာဒါဒီ သေဆုံးမှုကို အသိ အမှတ်ပြုသော်လည်း အမေရိကန်ကာကွယ်ရေးဆိုင်ရာတာဝန်ရှိသူများကအိုင်အက်စ်အဖွဲ့နှင့်ပတ်သက်၍ သတိထားနေ ကြသည်။ ပြီးခဲ့သော သီတင်းပတ်အတွင်း ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း၌ အမေ ရိကန်အထူးတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း အိုင်အက်စ်အဖွဲ့ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘာဒါဒီသည် ဗုံးဖောက်ခွဲ၍ မိမိကိုယ်ကို လုပ်ကြံခဲ့ကြောင်း အမေရိကန်နိုင်ငံက ပြောကြားသည်။

 

ဘာဒါဒီကိုသုတ်သင်နိုင်မှုက အမေရိကန် နိုင်ငံအတွက် အလွန်ကောင်းမွန်သော သီတင်း ပတ်ဖြစ်ကြောင်း ယမန်နေ့က အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့၌ ပြောကြားသည့်မိန့်ခွန်း တစ်ခုအတွင်း ဒေါ်နယ်ထရန့်က ဆိုသည်။ အမေရိကန် နိုင်ငံက ဘာဒါဒီ၏ ရုပ်အလောင်းကို ဖယ်ရှားခဲ့ပြီးဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်က ပြုလုပ်သည့် စစ်ဆင်ရေး ဆိုင်ရာ ရှင်းလင်းပွဲ၌ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မတ်ခ်မီလေးက ပြောကြားခဲ့သည်။

 

ရုပ်ကြွင်းများကို ပင်လယ်ပြင်၌ စွန့်ပစ်ခဲ့ဖွယ်ရှိကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ အိုင်အက်စ် အဖွဲ့က မည်သည့်တုံ့ပြန်မှုမျှ ပြုလုပ်ခြင်းမရှိသေးပေ။ အိုင်အက်စ်အဖွဲ့နောက်လိုက်များ၏ လက်စားချေတိုက် ခိုက်မှုများကြောင့် အသင့်အနေအထားရှိရန် လိုအပ်ကြောင်း ကမ္ဘာ့နိုင်ငံအချို့က ပြောကြားသည်။

 

ဆီးရီးယားနိုင်ငံ၌ လုံခြုံရေးအခြေအနေမှာ ရှုပ်ထွေးနေဆဲဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး မတ်ခ်အက်စပါက သတင်းထောက်များသို့ ပြောကြားခဲ့သည်။ အမေရိကန်တပ်မတော် ၏အဓိကရည်မှန်းချက်မှာ အိုင်အက်စ်စစ်သွေး ကြွအဖွဲ့ကို ဖြိုခွင်းရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

အိုင်အက်စ်အဖွဲ့မှ အကြွင်းအကျန်အဖွဲ့ဝင်များကို ဖယ်ရှားရာတွင် ပူးပေါင်းဆောင်ရွက်မှု ရရှိရေးအတွက် လာမည့်လတွင် နိုင်ငံတကာ အစည်းအဝေးတစ်ရပ်ကျင်းပရန် အမေရိကန် အစိုးရက စီစဉ်နေသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-ကျော်ထိုက်စိုး