အမေရိကန်က အီရန်ကို အပြစ်တင်လိုက်ပြီးနောက် ဆော်ဒီသို့ ပွန်ပီအိုထွက်ခွာ

ဝါရှင်တန်  ၁၉  စက်တင်ဘာ

ဆော်ဒီရေနံစက်ရုံ တိုက်ခိုက်ခံရခြင်းတွင် အီရန်၏လက်ချက်မကင်းကြောင်း သက်သေများက ဖော်ပြနေသည်ဟု အမေရိကန်က ပြောကြားပြီးနောက် မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်မည်ကို ဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုသည် စက်တင်ဘာ ၁၇ ရက်က ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ခွာလာခဲ့ကြောင်း သိရသည်။

မိမိတို့၏ လက်တုံ့ပြန်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးရန် မိုက်ပွန်ပီအိုသည် ဆော်ဒီဘုရင့်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောကြားလိုက်သည်။ မိမိတို့ မည်သူနှင့်မှ စစ်မဖြစ်လိုကြောင်း၊ သို့သော်လည်း မလွှဲသာသည့် အခြေအနေများအတွက် ပြင်ဆင်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လေသံအတိုင်း ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောကြားခဲ့သည်။

“အကယ်၍ အခြေအနေတွေက အကျဉ်းအကျပ်ကျပ်ထဲ ရောက်လာပြီဆိုရင်တော့ မိမိတို့ရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ ဒေသတွင်းမဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်သွားဖို့ အဆင်သင့်ဖြစ်နေတယ်” ဟု သမ္မတ ဒေါ်နယ်ထရမ့်၏ စကားရပ်များအတိုင်း အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က ဖြစ်ပွားသော ဆော်ဒီရေနံစက်ရုံ တိုက်ခိုက်ခံရမှုတွင် အီရန်ဘက်က ဒုံးကျည်ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဆိုသည့် သက်သေများကိုလည်း လာမည့်ရက်သတ္တပတ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်ပြသွားမည်ဖြစ်ကြောင်း အမေရိကန်က ပြောကြားလိုက်သည်။

အီရန်ထိပ်တန်းခေါင်းဆောင်က အမေရိကန်၏ မည်ကဲ့သို့သောအဆင့်ရှိသည့် ခေါင်းဆောင်မျိုးနှင့်မဆို တွေ့ဆုံရန် မဖြစ်နိုင်ကြောင်း ဖြေကြားလိုက်သည့်အခါတွင် အမေရိကန်၏ ရပ်တည်မှုသည် အနည်းငယ် တင်းမာလာခဲ့ကြောင်း သိရသည်။

အေအက်ဖ်ပီ