အမေရိကန်က အသုံးချနေသည့် လူကုန်ကူးမှုအစီရင်ခံစာ

ဇင်ငြိမ်း

 

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ နိုင်ငံခြားအစိုးရများ၏ ကြိုးပမ်းအားထုတ်မှုအပေါ် အမေရိကန်သမ္မတ၏ အဆုံးအဖြတ်ကြေညာချက် (Presidential Determination No.2023-02) အား “Memorandum on Presidential Determination with Respect to the Efforts of Foreign Governments Regarding Trafficking in Persons” ခေါင်းစဉ်ဖြင့် အမေရိကန်သမ္မတအိမ်ဖြူတော်က ၁၄.၁၀.၂၀၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

ယင်းထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံ၏ (၁၀၆) ကြိမ်မြောက်လွှတ်တော် (၁၉၉၉-၂၀၀၀) ၌ ဥပဒေပုဒ်မ  H.R.3244 ဖြင့် ပြဋ္ဌာန်းခဲ့သည့်  Vicims of Trafficking and Violence Preotection Act of 2000  ဥပဒေ၏ Section 110 (d) (1)(A)(i) အရ ပြဋ္ဌာန်းထားသည့် အနိမ့်ဆုံးစံနှုန်းများအတိုင်း (သို့မဟုတ်) စံနှုန်းများနှင့်အညီ လိုက်လျောညီထွေ ဖြစ်စေရန် ကြိုးပမ်းအားထုတ်မှု  အနည်းဆုံးနိုင်ငံများအဖြစ်  အာဖဂန်နစ္စတန်၊ မြန်မာ၊ ဂီနီဘစ်ဆော၊ အီရန်နှင့် တောင်ဆူဒန်နိုင်ငံများအား သတ်မှတ်ကာ  ၎င်းနိုင်ငံများအား  အမေရိကန်နိုင်ငံမှ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့်  ကုန်သွယ်ရေးဆိုင်ရာ မဟုတ်သော အကူအညီများကို  ပေးအပ်မည်မဟုတ်ကြောင်း၊ ထို့အပြင် အနိမ့်ဆုံးစံနှုန်းများကိုလိုက်နာ၍ တာဝန်ရှိသူများ (သို့မဟုတ်)  ဝန်ထမ်းများ၏  ပညာရေးနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း  အစီအစဉ်များတွင် ပါဝင်ခြင်းအတွက် ရန်ပုံငွေထောက်ပံ့မှုများ ပြုလုပ်ပေးမည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။

 

အမေရိကန်နိုင်ငံ၊  နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် Trafficking in Persons Report  2022  တွင် Tier  3  အဆင့်သတ်မှတ်ထားသည့်  နိုင်ငံ  ၁၇ နိုင်ငံတွင် အာဖဂန်နစ္စတန်၊ အယ်လ်ဂျီး ရီးယား၊  မြန်မာ၊  တရုတ်၊  ကိုမိုရော့စ်၊  ကျူးဘား၊ အီရီထရီးယား၊ အီရန်၊ နီကာရာဂွာ၊ မြောက်ကိုရီးယား၊  ရုရှား၊ တောင်ဆူဒန်၊ ဆီးရီးယား၊  တာ့ခ်မင်နစ္စတန် နှင့်  ဗင်နီဇွဲလား၊ ဂီနီဘစ်ဆောနှင့် မလေးရှားတို့ ပါဝင်ပါသည်။ အစီရင်ခံစာသည်  နိုင်ငံပေါင်း ၁၈၈ နိုင်ငံကို အကဲဖြတ်၍ လူကုန်ကူးမှုတိုက်ဖျက်ရေး နိုင်ငံအလိုက် ကြိုးပမ်းအားထုတ်မှုများအပေါ် အခြေခံ၍  အဆင့် ၄ မျိုး သတ်မှတ်ထားသည်။ Tier 1 သည် အကောင်းဆုံး အဆင့်ဖြစ်ပြီး Tier 3 သည် အဆိုးဆုံးဖြစ်သည်။ အလယ်အဆင့်နှစ်ခုမှာ  စောင့်ကြည့်ရမည့်စာရင်းဖြစ်ပြီး Tier 3 တွင် သတ်မှတ်ခံရသည့်  နိုင်ငံများသည်  ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ခံရနိုင်ပြီး  အမေရိကန်နှင့် နိုင်ငံတကာမှ နိုင်ငံခြားအကူအညီများရယူခွင့်ကို ကန့်သတ်ခံရနိုင်ပါသည်။

 

အဆင့်သတ်မှတ်ခြင်း

 

ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်အတွက် လူကုန်ကူးမှုအစီရင်ခံစာတွင် မြန်မာနိုင်ငံအား လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အနိမ့်ဆုံးစံချိန်စံနှုန်းများကိုပင် ပြည့်မီခြင်းမရှိဘဲ အထူးကြိုးပမ်းမှု မရှိသည့်နိုင်ငံများ စာရင်း Tier 3 တွင် အပြောင်းအလဲမရှိ ဆက်လက်ဖော်ပြထားပါသည်။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို Tier 3 အဖြစ် ၂၀၁၈ ခုနှစ်ကပင် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ်နှင့်ဆိုပါက ငါးနှစ်ဆက်တိုက်ရှိပြီဖြစ်သည်။ Tier အဆင့်သတ်မှတ်ချက်များကို အောက်ပါအတိုင်း သတ်မှတ်ထားသည် ကို တွေ့ရပါသည်။

 

အဆင့် ၁။ လူကုန်ကူးခံရသူများ ကာကွယ် ရေးအက်ဥပဒေ (TVPA)၏ အနိမ့်ဆုံးသော စံသတ်မှတ် ချက်များကို အပြည့်အဝလိုက်နာ ကျင့်သုံးသောနိုင်ငံများ၊

အဆင့် ၂။       လူကုန်ကူးခံရသူများ ကာကွယ်ရေးအက်ဥပဒေ (TVPA)၏ အနိမ့်ဆုံးသော စံသတ်မှတ်ချက်များကို အပြည့်အဝလိုက်နာကျင့်သုံးခြင်း မရှိသေးသော်လည်း ထိုစံသတ်မှတ်ချက်များကို လိုက်နာရန် သိသာထင်ရှားသော အင်အားစိုက်ထုတ်မှုများ ပြုနေသော နိုင်ငံများ၊

အဆင့် ၂။ စောင့်ကြည့်စာရင်း - လူကုန်ကူး ခံရသူများ ကာကွယ်ရေး အက်ဥပဒေ (TVPA)၏ အနိမ့်ဆုံးသော စံသတ်မှတ်ချက်များကို အပြည့်အဝလိုက်နာကျင့်သုံးခြင်း မရှိသေးသော်လည်း ထိုစံသတ်မှတ်ချက်များကို လိုက်နာရန် သိသာထင်ရှားသော အင်အားစိုက်ထုတ်မှုများ ပြုနေသောနိုင်ငံများဖြစ်ပြီး

ဆိုးရွားသောပုံစံဖြင့် လူကုန်ကူးမှုများကို ခံရသူများ၏ အရေအတွက် အပြည့်အဝမှာ သိသာထင်ရှားခြင်း သို့မဟုတ် သိသာထင်ရှားစွာ မြင့်တက်လာခြင်း၊

ပြီးခဲ့သောနှစ်က ဆိုးရွားသော ပုံစံဖြင့် လူကုန်ကူးမှုများကို တိုက်ဖျက်ရန် ကြိုးစားအားထုတ်မှု တိုးတက်လာ ကြောင်း

သို့မဟုတ်

အနိမ့်ဆုံးသော စံသတ်မှတ်ချက်များကို အပြည့်အဝလိုက်နာ ကျင့်သုံးရန် သိသာထင်ရှား သော အင်အားစိုက်ထုတ်မှုများ ပြုလုပ်ရန် နိုင်ငံတစ်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် ထိုနိုင်ငံ အခြေအနေဖြင့် နောင်နှစ်တွင် လုပ်ဆောင်သည့် အနာဂတ် ခြေလှမ်းများအပေါ်တွင် အခြေခံသည်။

 

အဆင့် ၃။      လူကုန်ကူးခံရသူများ ကာကွယ်ရေး အက်ဥပဒေ (TVPA)၏ အနိမ့်ဆုံးသော စံသတ်မှတ်ချက်များကို အပြည့်အဝလိုက်နာ ကျင့်သုံးခြင်း မရှိသေးသည့်အပြင် ထိုစံသတ်မှတ်ချက်များကို လိုက်နာရန် သိသာထင်ရှားသော အင်အားစိုက်ထုတ်မှုများ ပြုလုပ်ခြင်းလည်းမရှိသော နိုင်ငံများ။

 

လူကုန်ကူးမှုဆိုင်ရာ (TIP) အစီရင်ခံစာ သတ်မှတ်ချက်များကို ၂၀၀၀ ပြည့်နှစ် လူကုန်ကူးခံရသူများ ကာကွယ်ရေးဥပဒေ (Trafficking Victims Protection Act - TVPA) တွင် ဖော်ပြထားသော စံနှုန်းများနှင့် ကိုက်ညီမှုအပေါ်အခြေခံ၍ နိုင်ငံများကို အဆင့်များခွဲထားသည်ဆိုသော်လည်း အဆင့် ၃ သတ်မှတ်ထားသည့်နိုင်ငံအများစုသည် တိုက်ဆိုင်စွာပင် အမေရိကန်နိုင်ငံက နိုင်ငံရေးအရ ပစ်မှတ် ထားနေသည့် နိုင်ငံများဖြစ်သည်ကို တွေ့ရပါသည်။

 

လူကုန်ကူးမှုသတ်မှတ်ချက်

 

လူကုန်ကူးမှုဆိုသည်ကို ပါလာမိုပရိုတိုကောလ် (Palermo Protocol)၏ စာပိုဒ် (က)၊ အပိုဒ်ခွဲ (၃) အရ လူကုန်ကူးခြင်း၏ အပြည်ပြည်ဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်မှာ “ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် လူပုဂ္ဂိုလ်တစ်ဦးအား ခြိမ်းခြောက်ခြင်း (သို့) အင်အားသုံးခြင်း (သို့) အခြားပုံစံဖြင့် အတင်းအကျပ် အနိုင်အထက်ပြုခြင်း၊ ဖြားယောင်း ခေါ်ဆောင်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ အာဏာအလွဲသုံးစားပြုခြင်း၊ ရပ်တည်ရန်ခက်ခဲသော အခြေ အနေပေါ်တွင် အလွဲသုံးစားပြုခြင်း၊ ချုပ်ကိုင်နိုင်သူ တစ်ဦးတစ်ယောက်၏ သဘောတူညီမှုရရှိရန် အကျိုးအမြတ်ပေးခြင်း (သို့မဟုတ်) ရယူခြင်းဖြင့် လူတစ်ဦးဦးအား သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း (သို့မဟုတ်) လက်ခံထားခြင်းတို့ကို ဆိုလိုသည်။ ခေါင်းပုံဖြတ်ခြင်းဟုဆိုရာတွင် အနည်းဆုံး ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ အခြားပုံစံဖြင့် လိင်မှုကိစ္စခေါင်းပုံဖြတ်ခြင်း၊ အဓမ္မစေခိုင်းခြင်း၊ ကျေးကျွန်သဖွယ်ပြုခြင်း (သို့မဟုတ်) ကျွန်ကဲ့သို့ အလုပ်လုပ်ရသော အခြေအနေ၊ ခန္ဓာကိုယ်အတွင်း မှ အင်္ဂါအစိတ်အပိုင်းများ ဖယ်ထုတ်ခံရခြင်းများ ပါဝင်သည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ ၂၀၂၂၊ အခန်း (၁)၊ အပိုဒ် ၃ (က) တွင် လူကုန်ကူး မှုအဓိပ္ပာယ်ဖွင့်ဆို ပြဋ္ဌာန်းထားပါသည်။

 

လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ဆောင်မှု

 

မြန်မာနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ပြီး ၂၀၀၂ ခုနှစ် ဇူလိုင် ၁၇ ရက် တွင် လူမှောင်ခိုတားဆီးကာကွယ်ရေးလုပ်ငန်း ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး လူကုန်ကူးမှု တားဆီးကာကွယ် ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးလုပ်ငန်းအဖွဲ့၊ ဥပဒေရေးရာနှင့် တရားစွဲဆို ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ လူကုန်ကူးခံရသူများ အား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း အဖွဲ့တို့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ထို့ပြင် ၂၀၀၄ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

 

ဥပဒေရေးရာအရ ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ယခင်ဥပဒေအားပြင်ဆင်၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ မြန်မာနိုင်ငံသည် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ ၂၀၀၅ အား ပြဋ္ဌာန်းပြီးနောက် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်းများ ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ လူကုန်ကူးမှုတိုက်ဖျက် ရေး ပထမစီမံကိန်းကို ၂၀၀၇ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပြီးဆုံး ခဲ့ပါသည်။ ဒုတိယ ငါးနှစ် စီမံကိန်းအား ၂၀၁၂ မှ ၂၀၁၆ အထိ အကောင်အထည်ဖော်ခဲ့ပြီး တတိယ ငါးနှစ်စီမံကိန်းကို ၂၀၁၇ မှ ၂၀၂၂ ခုနှစ်အထိ အကောင် အထည်ဖော်ခဲ့ပြီးဖြစ်သည်။ ယခုအခါ ၂၀၂၂ - ၂၀၂၆ ခုနှစ်အား စတုတ္ထ ငါးနှစ်စီမံကိန်းအဖြစ်သတ်မှတ်၍ အကောင်အထည်ဖော်လျက်ရှိပါသည်။

 

မြန်မာနိုင်ငံသည် ၂၀၀၇ မှစ၍ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်း သုံးကြိမ် ဆက်တိုက်အကောင်အထည်ဖော်ခဲ့ပြီး ယင်း အကောင်အထည်ဖော်မှုများမှ တွေ့ရှိချက်၊ သုံးသပ် ချက်များကို မူတည်၍ မဟာဗျူဟာ (၃) ရပ်၊ နည်းဗျူဟာ (၄) ရပ်ချမှတ်၍ လုပ်ငန်းကဏ္ဍ (၄) ရပ် အောက်တွင် လုပ်ငန်းစဉ် (၈၄) ရပ် ထည့်သွင်းရေးဆွဲ အတည်ပြုခဲ့ထားပြီးဖြစ်သည်။ ယခု ၂၀၂၂ ခုနှစ်အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေး ရည်ရွယ်ချက်များတွင်         

         

(၁)လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊

(၂) လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊

(၃) လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်ရန်၊

(၄) လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်တို့ကို ချမှတ်ထားပါသည်။

 

နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် လူကုန်ကူးမှုများ ကာကွယ်တားဆီးရန်အတွက် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသည် ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံများနှင့် လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

 

မြန်မာနိုင်ငံအပေါ်အကြောင်းပြချက်

 

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက် ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက် ရှိသော်လည်း အမေရိကန်နိုင်ငံက ၂၀၂၂ ခုနှစ် အတွက် ထုတ်ပြန်သည့် လူကုန်ကူးမှုဆိုင်ရာ အစီရင် ခံစာတွင် မြန်မာနိုင်ငံအား Tier 3 သတ်မှတ်ခဲ့ သည်။ မြန်မာနိုင်ငံသည် ကလေးငယ်များ အပါအဝင် အရပ်သားများအား အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် လုံလောက်သော ကြိုးပမ်းအားထုတ်မှု၊ နိုင်ငံရေးအခြေအနေနှင့် စီးပွားရေးအခြေအနေများကြောင့် အလုပ်အကိုင်ဆုံးရှုံးရမှုများ၊ အခြားနိုင်ငံများသို့ ထွက်ခွာသွားမှုများ၊ တရားဥပဒေစိုးမိုးရေး၊ ဘင်္ဂါလီနှင့် အခြားလူနည်းစု တိုင်းရင်းသားကိစ္စများတွင် လုံလောက်သော ကြိုးပမ်းအားထုတ်မှုမရှိသည့်အတွက် အဆင့်လျှော့ချထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော်လည်း အခက်အခဲများနှင့် စိန်ခေါ်မှုများရှိနေသည်မှာ မှန်သော်လည်း ယင်းအစီရင်ခံစာအတွက် မြန်မာနိုင်ငံဆိုင်ရာ ကိုးကားသည့် သတင်းအချက်အလက်များသည် အစိုးရအားဆန့်ကျင်နေသည့် အဖွဲ့အစည်းများ၊ အကြမ်းဖက်အဖွဲ့အစည်းများ၊ တရားမဝင် အဖွဲ့အစည်းများမှပေးပို့သည့် အချက်အလက်များအပေါ် တစ်ဖက်သတ်အခြေခံပြုစုထား သည်ကို တွေ့ရသည်။ ထို့အပြင် ယင်းအစီရင်ခံစာ တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး မတည်မငြိမ်ဖြစ်စေရန်နှင့် အလုံးစုံပျက်စီးစေရန် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်နေကြသည့် အမေရိကန်နိုင်ငံကဲ့သို့သော နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကြောင့် ဖြစ်ပွားလာသည့် အကျိုးဆက်များကို ဖော်ပြမထားသည်ကို တွေ့ရပါသည်။

 

ဘင်္ဂါလီများအရေး

 

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအား ဖိအားပေးသည့်အခါတိုင်း အဓိကအသုံးပြုသည့် အကြောင်းပြ ချက်များထဲတွင် ဘင်္ဂါလီကိစ္စမှာ ထိပ်တန်းမှ ပါဝင်မြဲဖြစ်သည်။ ယခုလည်း မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အနည်းဆုံးအဆင့် သတ်မှတ်ရာတွင် ဘင်္ဂါလီများကိစ္စ ထည့်သွင်းထားပြန်ပါသည်။

 

ထို့အပြင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအား Tier 3 စတင်သတ်မှတ်ခဲ့သည့် ၂၀၁၈ ခုနှစ်သည် မြန်မာနိုင်ငံအတွင်း ဘင်္ဂါလီကိစ္စ ပြင်းထန်နေချိန်နှင့် တိုက်ဆိုင်စွာ သတ်မှတ်ခဲ့ခြင်းမှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် ရည်ရွယ်ချက် ပင် ဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအား ဘက်ပေါင်းစုံမှဖိအားပေးရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ OIC ကဲ့သို့သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အမေရိကန်နိုင်ငံ၏ အစိုးရယန္တရားများကို အသုံးပြု ခဲ့သည်။ ယနေ့ထက်တိုင်လည်း အသုံးပြုနေဆဲဖြစ်ပြီး မြန်မာနိုင်ငံမှ ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် လက်နက်ကိုင်အဖွဲ့များကို အမေရိကန်နိုင်ငံက နောက်ကွယ်မှ ပံ့ပိုးကူညီနေပြီး မြန်မာနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်ရန် လုပ်ဆောင်နေပါသည်။ အမေရိကန်နိုင်ငံသည် မည်သို့ပင် လူ့အခွင့်အရေးများ၊ ဒီမိုကရေစီနှင့် လူသားချင်းစာနာထောက်ထားမှုများ ကျယ်လောင်စွာပြောနေစေကာမူ နောက်ကွယ်တွင် အယ်ခိုင်ဒါ ကဲ့သို့သော ကမ္ဘာ့အကြီးဆုံး အကြမ်းဖက်အဖွဲ့ အစည်းကြီးကို မွေးထုတ်မြေတောင်မြှောက်ပေးခဲ့သည်မှာ လက်တွေ့ပင်ဖြစ်သည်။

 

နိုင်ငံရေးလက်နက်

 

အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှု အစီရင်ခံစာသည် နိုင်ငံအလိုက်သတ်မှတ်ချက်များနှင့် လက်တွေ့ကျမှု ရှိ/မရှိနှင့် ရိုးသားမှု ရှိ/မရှိ ဆိုသည်မှာ စဉ်းစားစရာဖြစ်ပါသည်။ လူကုန်ကူးမှုသည် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တစ်ခုဖြစ်သည့်အတွက် နိုင်ငံတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းအနေဖြင့် လုပ်ဆောင်ရမည့် ကိစ္စရပ်ဖြစ်ပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံက အဆင့်သတ်မှတ်ရာတွင် ယင်းနိုင်ငံများအပေါ် နိုင်ငံရေးပယောဂနှင့် ၎င်း၏ အကျိုးစီးပွား ကင်းရှင်းမှု ရှိ/မရှိ ဆိုသည်မှာ သံသယ ဖြစ်ဖွယ်ရှိပါသည်။

 

ယခု ၂၀၂၂ ခုနှစ်အတွက် ကြိုးစားအားထုတ်မှု အနည်းဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်သည့် နိုင်ငံများသည် တိုက်ဆိုင်စွာပင် အမေရိကန် ဝင်ရောက် စွက်ဖက်နေဆဲ နိုင်ငံများဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် အမေရိကန်၏ ဦးတည်ချက်အမှန်ကို တွေ့ရမည် ဖြစ်ပါသည်။ ထိုစာရင်းတွင် လောလောလတ်လတ် အမေရိကန်နှင့် တင်းမာမှုဖြစ်ပွားနေသည့် ရုရှားနိုင်ငံကိုလည်း Tier 3 တွင် ထည့်သွင်း ထားပါသည်။

 

မြန်မာနိုင်ငံနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံ အစိုးရအား ဆန့်ကျင်နေသည့် အဖွဲ့အစည်းများနှင့် အကြမ်းဖက် အဖွဲ့အစည်းများထံမှ သတင်းနှင့် အချက်အလက်များဖြင့် သုံးသပ်ဖော်ပြကာ အမေရိကန်အလိုကျ အဆင့်သတ်မှတ်ထားပါသည်။ ထိုသို့သတ်မှတ်လိုက်ခြင်းဖြင့် Tier 3 အဆင့်သို့ ရောက်ရှိနေသည့် နိုင်ငံများအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ခြင်း၊ အမေရိကန်နှင့် နိုင်ငံတကာ မှ နိုင်ငံခြားအကူအညီများ ရယူခွင့်ကို ကန့်သတ်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံအားလည်း ထိုသို့အရေးယူမှုများ ပြုလုပ်မည်ဟု ထုတ်ပြန်ထားပါသည်။ အမေရိကန်၏ အဓိက လိုရင်းဦးတည်ချက်မှာ ယင်းအချက်ပင် ဖြစ်သည်။ ၎င်း၏ အဓိကပစ်မှတ်နိုင်ငံများကို အရေးယူ ပိတ်ဆို့မှုများပြုလုပ်၍ ဖိအားပေးနိုင်ရန်အတွက် ယခုလူကုန်ကူးမှုအစီရင်ခံစာအား အသုံးချခြင်းပင် ဖြစ်ပါသည်။

 

ထို့အပြင် ကမ္ဘာတွင် လူကုန်ကူးမှုသိသိသာသာ ဖြစ်ပွားနေသည့် နိုင်ငံများကို ထင်ရှားစွာတွေ့မြင် နေသော်လည်း Tier 3 တွင် ယင်းနိုင်ငံများ မပါဝင် လာခြင်းမှာ မရိုးသားမှုဖြစ်ပါသည်။ သို့ဖြစ်ရာ အမေရိကန်နိုင်ငံ၏ ၂၀၂၂ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာသည် သုံးသပ် အကဲဖြတ်ထားသည့် နိုင်ငံပေါင်း ၁၈၈ နိုင်ငံအား လွှမ်းခြုံကိုယ်စားပြုခြင်းမရှိဘဲ အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်း၏ သဘောထားကိုကိုယ်စားပြုနေခြင်းသာဖြစ်သည်။ အမေရိကန်ကဲ့သို့သော ဒီမိုကရေစီ နိုင်ငံကြီးတစ်နိုင်ငံက ရေမှုတ်တစ်ဖက် မီးစတစ်ဖက်ဖြင့် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ်ရန် ကြိုးစားနေသမျှ နိုင်ငံများအကြား တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်ပြီး ကမ္ဘာတစ်လွှား မငြိမ်းချမ်းမှုများ ဆက်လက်ဖြစ်နေဦးမည် ဖြစ်ပါသည်။