အမေရိကန်ကို ကသိကအောက်ဖြစ်စေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ

mdn

ကလျာမိုးမြင့် - ရေးသားသည်

 

ဥရောပသမဂ္ဂနဲ့ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှု ဆောင်ရွက်ပြီးစီးသွားတဲ့ ရုရှားနိုင်ငံပိုင် Grazprom ဓာတ်ငွေ့ ကုမ္ပဏီကိုအကူအညီပေးတဲ့ ကုမ္ပဏီမှန်သမျှကိုပိတ်ဆို့မှုတွေချမှတ်မယ့် ဥပဒေကိုအမေရိကန်သမ္မတထရမ့်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

 

အရေးယူပိတ်ဆို့မှုတွေဟာ အဓိကအားဖြင့် ရုရှားရဲ့ ဓာတ်ငွေ့တွေ ဂျာမနီဆီ တင်ပို့ရောင်းချမှုမြင့်တက်လာအောင် အထောက်အကူဖြစ်စေမယ့် ဆောက် လုပ်ဆဲဓာတ်ငွေ့ ပိုက်လိုင်း Nord Stream ကုမ္ပဏီကိုပစ်မှတ်ထားလိုတဲ့ ပိတ်ဆို့မှုဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်က အဲဒီစီမံကိန်းကို ဥရောပ အတွက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုလို့ မှတ်ယူထားပါတယ်။

 

ကွန်ဂရက်လွှတ်တော်က ပြီးခဲ့တဲ့ ရက်သတ္တပတ် ကာကွယ်ရေးဆိုင်ရာ ဥပဒေရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ အရေးယူပိတ်ဆို့မှုတွေပြုလုပ်ဖို့အတွက် မဲပေးခဲ့ကြပါတယ်။ဓာတ်ငွေ့ပိုက်လိုင်းကိုအကျပ်ကိုင်တဲ့လက်နက်ကိရိယာ တစ်ခုအဖြစ် ဖော်ပြထားတဲ့ အဲဒီဥပဒေကိုသမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၂၀ ရက်မှာ လက်မှတ်ရေးထိုးလိုက်တာပါ။

 

ကန့်ကွက်ဆန့်ကျင်နေကြ

 

တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ (ယူရို ၈ ဒသမ ၄ ဘီလီယံ) နီးပါးရှိတဲ့ Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ အမေရိကန်ကို အတော်လေးဒေါသထွက်စေပြီးရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် ဥပဒေပြုအမတ်တွေအားလုံးက ဒီကိစ္စကိုကန့်ကွက်ဆန့်ကျင်နေ ကြပါတယ်။

 

သမ္မတထရမ့်အစိုးရအဖွဲ့ စိုးရိမ်တဲ့အချက်ကတော့ အဲဒီပိုက်လိုင်းကြောင့် ရုရှားအနေနဲ့ ဥရောပရဲ့ စွမ်းအင်ရောင်းချမှုဈေးကွက်ကို ပိုပြီးခိုင်ခိုင်မာမာ ချုပ်ကိုင်လာမယ့်အရေးဖြစ်ပြီး ဥရောပဈေးကွက်မှာ အမေရိကန်အတွက် အကျိုးအမြတ်များများရရှိစေမယ့် သဘာဝဓာတ်ငွေ့ရည်ရောင်းချမှု ခွဲတမ်း ကိုလျော့ကျသွားစေနိုင်တဲ့ အခြေအနေကိုစိုးရိမ်နေခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဂျာမနီကန့်ကွက်

 

သမ္မတထရမ့်ပြောပုံအရဆိုရင် ရုရှားပိုင် Gazprom ကုမ္ပဏီက ပိုင်ဆိုင်ပြီးအရှည် ၁၂၂၅ ကီလိုမီတာအရှည်ရှိတဲ့ ဓာတ်ငွေ့ပိုက်လိုင်းဟာ ဂျာမနီနိုင်ငံကို ရုရှားရဲ့ လက်ခုပ်ထဲကရေဖြစ်သွားစေနိုင်တဲ့အရာတစ်ခုဖြစ်တယ် လို့ ၎င်းကပြောဆိုနေတယ်လို့ သိရပါတယ်။

 

အမေရိကန်ကချမှတ်တဲ့ အရေးယူပိတ်ဆို့မှုတွေဟာ ရုရှားနဲ့ ဥရောပ သမဂ္ဂကို ဒေါသထွက်စေခဲ့ပြီး ဥရောပသမဂ္ဂက ဒီကိစ္စကို ကိုယ့်ရဲ့ ကိုယ်ပိုင် စွမ်းအင်မူဝါဒတွေနဲ့ပဲ ဆုံးဖြတ်သင့်တာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ယခု ရက် သတ္တပတ်အစောပိုင်းမှာ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က ၎င်းအနေနဲ့ Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ပြင်ပကနေ ချမှတ်နေတဲ့အရေးယူပိတ်ဆို့မှုတွေကို ကန့်ကွက်တယ်လို့ပြောကြား ခဲ့ပါတယ်။

 

ဝင်ရောက်စွက်ဖက်လိုခြင်း

 

ဒီကိစ္စမှာ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဟီကိုမာအက်စ်က ပိုပြီးပြင်းထန် တဲ့စကားလုံးတွေနဲ့ ဝေဖန်ထားပြီး ဒီလိုဒဏ်ခတ်ပိတ်ဆို့မှုတွေ လာလုပ်နေတာက ဥရောပမှာကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ် ချမှတ်တဲ့ဆုံးဖြတ်ချက်တွေကို ဝင်ရောက်စွက်ဖက်ချင်လို့ ယခုလိုလုပ်ဆောင် နေတာပဲဖြစ်တယ်လို့ ဆိုပါတယ်။

 

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းပရောဂျက်မှာ ပါဝင်နေတဲ့ ဆွစ်ဇာလန်ဒတ်ချ်ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Allseas က ဒီလိုမျိုးအရေးယူပိတ်ဆို့မှု တွေဖြစ်လာတော့မှာကို ကြိုတင်ခန့်မှန်းမိတဲ့အတွက် ပိုက်လိုင်းသွယ်တဲ့ လုပ်ဆောင်မှုတွေကိုရပ်ဆိုင်းထားခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ ရုရှား-တူရကီဖက်စပ်ပိုက်လိုင်းတစ်ခုဖြစ်တဲ့ Turkstream ကိုလည်းပစ်မှတ်ထားနေပြီး ငွေကြေးပိုင်ဆိုင်မှုတွေနဲ့ ကန်ထရိုက်ချုပ်ဆိုသူ တွေကိုအမေရိကန်ဗီဇာထုတ်ပေးမှုကိုဖျက်သိမ်းတာတွေပြုလုပ်မယ်လို့ ဖော်ပြထားပါတယ်။

 

 စိုးရိမ်ကြောင့်ကြနေခဲ့တာ နှစ်တွေကြာခဲ့

 

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာရုရှားဓာတ်ငွေ့အပေါ်မှာ ၎င်းတို့ရဲ့ မှီခိုအားထားနေရမှုနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြနေခဲ့တာ နှစ်တွေကြာခဲ့ ပြီဖြစ်တယ်လို့ သိရပါတယ်။ ရုရှားဟာ လက်ရှိမှာဥရောပသမဂ္ဂဓာတ်ငွေ့ ရောင်းချမှုရဲ့ ၄၀ ရာခိုင်နှုန်းကို ဖြည့်တင်းပေးလျက်ရှိပြီး ဥရောပသမဂ္ဂအဖွဲ့ကြီးမှာ ပါဝင်ခြင်းမရှိပေမယ့် ကိုယ်ပိုင်ဈေးကွက်တစ်ခုအနေနဲ့ ရပ်တည်နေတဲ့ နော်ဝေ ထက် သာလွန်ခဲ့ပါတယ်။

 

တည်ဆောက်ဆဲတ်ငွေ့ ပိုက်လိုင်းသစ်ဟာဓာတ်ငွေ့ဖြန့်ဖြူးမှုကို တစ်နှစ်မှာ ကျူတစ်မီတာ ၅၅ ဘီလီယံပမာဏအထိ တိုးပွားလာစေတော့မှာပါ။ ယခု နှစ်အစောပိုင်းမှာ ဥရောပအဖွဲ့ဝင်နိုင်ငံတွေအကြား ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ အတော်လေးပြင်းထန်နေခဲ့ပါတယ်။ စည်းကမ်းတင်းကျပ်ဖို့သဘောတူ နောက်ဆုံးမှာတော့ ဥရောပသမဂ္ဂအဖွဲ့ကြီးက Nord Stream 2ရဲ့ စီမံကိန်း ကို အပြီးရပ်ဆိုင်းလိုက်တာထက် ဒီကိစ္စကိုဥရောပရဲ့ ထိန်းချုပ်မှုအောက်မှာ ဆက်လုပ်သွားဖို့အတွက် ပိုက်လိုင်းနဲ့ ပတ်သက်ပြီးစည်းကမ်းတွေ ပိုမိုတင်းကျပ်ဖို့ သဘောတူလိုက်ပါတယ်။

 

ဘယ်လိုပဲဖြစ်လာသည်ဖြစ်စေ ဂျာမနီက စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှု တွေကြီးကြီးမားမားပြုလုပ် လျက်ရှိပါတယ်။ လက်ရှိမှာ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က အဲဒီ ပိုက်လိုင်းဟာ စွမ်းအင်အတွက် ဂျာမနီကရုရှားအပေါ်မှာအမှီပြုရတယ်ဆိုတဲ့ အနေအထားမျိုးမရောက်ရှိစေဘူးဆိုတာကို ဗဟိုဥရောပနိုင်ငံတွေနဲ့ အရှေ့ ဥရောပနိုင်ငံတွေ လက်ခံယုံကြည်လာအောင် အားသွင်းဖို့ကြိုးစားနေတာကို လည်းတွေ့ရပါတယ်။

 

ပတ်ဝန်းကျင်ကိုထိခိုက်စေ

 

တခြားစိုးရိမ်ကြောင့်ကြဖြစ်စရာတွေလည်း ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ မေလတုန်းက ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူတွေဟာ ဂျာမနီမှာ Nord Stream 2 ပိုက်လိုင်းစီမံကိန်းအစိတ်အပိုင်းတစ်ခုအတွက် ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှုကို ကန့်ကွက်ကြောင်းဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ အာဏာပိုင်တွေ ဖော်ပြခဲ့တာ ထက် ပတ်ဝန်းကျင်ကို ပိုထိခိုက်စေတယ်လို့ ပြောခဲ့ပါတယ်။

 

ရက်ပေါင်း ၆၀

 

ဒီတော့ လက်မှတ်ရေးထိုးအတည်ပြုလိုက်ပြီဖြစ်တဲ့ အရေးယူပိတ်ဆို့ မှုတွေအရအခုအချိန်ကစပြီး သမ္မတထရမ့်အစိုးရအဖွဲ့အနေနဲ့ အဲဒီပိုက်လိုင်းအတွက် ဝန်ဆောင်မှုပေးအပ်နေတဲ့သို့မဟုတ် အထောက်အကူပြု နေကြတဲ့  ကုမ္ပဏီတွေနဲ့ သက်ဆိုင်သူတစ်ဦးချင်း ပုဂ္ဂိုလ်တွေကို စစ်ဆေးသိရှိနိုင်ဖို့ ရက်ပေါင်း ၆၀ အချိန်ရရှိသွားပြီ ဖြစ်ပါတယ်။

 

မည်သည့်လုပ်ငန်းအဖွဲ့အစည်း၊ ကုမ္ပဏီဖြစ်ကြောင်း သိရှိပြီးရတဲ့ နောက်မှာတော့အဲဒီလူတွေကို အမေရိကန်ဗီဇာထုတ်ပေးမှုကို ဝါရှင်တန်က ပယ်ဖျက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ပိတ်ဆို့မှုပြုလုပ်ဖို့ ပစ်မှတ်ထားခြင်းခံရတဲ့ သူတွေအနေနဲ့လည်း ၎င်းတို့ရဲ့ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုတွေကို  ရပ်ဖို့ ပြန်လည်စဉ်းစားသုံးသပ်ချိန် ရက်ပေါင်း ၃၀ ရမှာဖြစ်တယ်လို့ သိရှိရပါတယ်။

 

ကိုးကား- ဖိုင်နန်ရှယ်တိုင်းမ်၊ ဘီဘီစီ