အမေရိကန်၌ အိုမီခရွန်ကြောင့် နေ့စဉ်ကူးစက်မှုမှာ နှစ်သိန်းအထိရှိလာ

ဝါရှင်တန် ဒီဇင်ဘာ ၂၉

 

အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်ကူးစက်မှုများ များပြားလာပြီး ခရစ္စမတ်ကာလ အားလပ်ရက် ရာသီတွင် ဝန်ထမ်းအင်အား ပြတ်တောက်မှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းနေရသည်။ ။

 

တစ်ပတ်တာအတွင်း ပျမ်းမျှနေ့စဉ်ကူးစက်မှု နှုန်းမှာလည်း ၂၀၆၅၀၀ အထိ ရှိလာသည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောသည်။ နယူးယောက်ပြည်နယ်တွင် ဒီဇင်ဘာ ၂၄ ရက်တစ်ရက်တည်းတွင်ပင် ကူးစက်ခံ ရသူ ၄၉၇၀၈ ဦး တွေ့ရှိခဲ့သည်။

 

ဒီဇင်ဘာ ၂၇ ရက်တွင် နယူးယောက်မြို့၌ ကိုဗစ်-၁၉ ဆေးစစ်မှုခံယူရန် လူများတန်းစီ စောင့်ဆိုင်းနေခဲ့ကြသည်။ ဆေးလာစစ်သည့် အမျိုးသားတစ်ဦးကမူ ၎င်းမှာ တတိယအကြိမ်ကာကွယ်ဆေးထိုးပြီးသော်လည်း ၎င်း၏ ဖခင်နှင့် မတွေ့ဆုံမီ ကြိုတင်ကာကွယ်သည့်အနေဖြင့် လာရောက်ဆေးစစ်မှု ခံယူခြင်းဖြစ်ကြောင်း ပြောသည်။

 

ခရစ္စမတ်အားလပ်ရက် သီတင်းပတ်အကုန်တွင် လေယာဉ်ခရီးစဉ်ပေါင်း ၃၀၀၀ ကျော်ကို ဖျက်သိမ်းလိုက်ရသည်ဟု အမေရိကန်မီဒီယာကြီးများတွင် ဖော်ပြကြသည်။ တချို့သော လေယာဉ် ခရီးစဉ်ဖျက်သိမ်းမှုများမှာ ရာသီဥတုဆိုးရွား မှုကြောင့် ဖြစ်သည်။ ။

 

လေယာဉ်အမှုထမ်းများနှင့် လေယာဉ်မှူးအချို့မှာ အသွားအလာ စောင့်ကြည့်ကန့်သတ်ခံထားရသည့်အတွက် ဝန်ထမ်းအင်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လာသည်ဟု အချို့က အပြစ်တင်ကြသည်။

 

အင်န်အိတ်ချ်ကေ