အမေရိကန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော ကလေးငယ် ၁၄ သန်းကျော်ရှိလာ

လော့စ်အိန်ဂျယ်လိစ် ဇူလိုင် ၂၆

 

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ လက်ရှိအချိန်အထိ ကလေးသူငယ် ပေါင်း ၁၄ သန်းကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း အမေရိကန်ကလေးအထူးကုဆေးပညာကျောင်းနှင့် ကလေးများဆေးရုံအသင်းမှ ထုတ်ပြန်သည့်နောက်ဆုံးအချက်အလက်များအရ သိရသည်။ 

 

ထို့အပြင် အမေရိကန်ပြည်ထောင်စုတွင် ယခုနှစ်ဇူလိုင် ၂၁ ရက်က ကုန်ဆုံးသွားသည့် သီတင်းပတ်တစ်ပတ်အတွင်း ကလေးငယ် ၉၂၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။ 

 

အမေရိကန်ပြည်ထောင်စုရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသောကလေးငယ် ၁၄ သန်းကျော်အနက် ၃၁၁၀၀၀ ကျော်တို့သည် လွန်ခဲ့သည့်သီတင်းပတ်လေးပတ်အတွင်း ရောဂါကူးစက်ခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် အမေရိကန် တစ်ဝန်းလုံးတွင် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လက်ရှိအချိန်အထိ ကလေးငယ် ၆ ဒသမ ၁ သန်းခန့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း သိရသည်။ 

 

ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် အဖျားပြင်းထန်သောရောဂါနှင့် ကလေးများအကြား ဖြစ်လာနိုင်ဖွယ်ရှိသည့် ကိုဗစ်-၁၉ ရောဂါ၏ ရေရှည်သက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အလို့ငှာ အသက်အရွယ်အလိုက် ပိုမိုတိကျသော အချက်အလက်များကို စုဆောင်းထားရန် အရေးတကြီးလိုအပ်ကြောင်း အမေရိကန် ကလေးအထူးကုဆေးပညာကျောင်းနှင့် ကလေးများဆေးရုံအသင်းက ပြောကြားသည်။

 

လက်ရှိတွင် ကလေးငယ်များ၏ ကျန်းမာရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ချက်ချင်းသက်ရောက်မှုရှိနေသည်ကို မိမိတို့အနေဖြင့် အသိအမှတ်ပြုထားရန် အရေးကြီးသလို မျိုးဆက်သစ်ကလေးငယ်များနှင့် လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရေရှည်သက်ရောက်မှုကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းရန်လည်း အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း ကလေးအထူးကုဆေးပညာကျောင်းနှင့် ကလေးများဆေးရုံအဖွဲ့က ထပ်လောင်းပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ