အမေရိကန်၌ လွန်ခဲ့သည့်တစ်လအတွင်း ကလေးငယ် လေးသိန်းကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

လော့စ်အိန်ဂျယ်လိစ် ဇွန် ၈ 

 

အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သည့်သီတင်းပတ်လေးပတ်အတွင်း ကလေးသူငယ် ၄၀၀၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း အမေရိကန်ကလေးအထူးကုဆေးပညာကျောင်းနှင့် ကလေးများဆေးရုံအဖွဲ့မှ ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။

 

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ ကလေးငယ် ၁၃ ဒသမ ၃ သန်း နီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ပြီး ယင်းတို့အနက် ကလေးငယ် ၅ ဒသမ ၆ သန်းခန့်သည် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းစ၍ လက်ရှိအချိန်အထိ ရောဂါကူးစက်ခံခဲ့ရကြောင်း သိရသည်။

 

ထို့အပြင်  ဇွန် ၂ ရက်က ကုန်ဆုံးသွားသည့် သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် ကလေးငယ် ၈၇၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည်။ အမေရိကန်ပြည်ထောင်စုရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူအားလုံး၏ ၁၈ ဒသမ ၉ ရာခိုင်နှုန်းသည် ကလေးငယ်များဖြစ်ကြောင်း အမေရိကန်ကလေးအထူးကု ဆေးပညာကျောင်းနှင့် ကလေးများဆေးရုံအဖွဲ့၏ အစီရင်ခံစာအရ သိရသည်။

 

ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သည့်အဖျားပြင်းထန်သောရောဂါနှင့် ကလေးများအကြား ဖြစ်လာနိုင်ဖွယ်ရှိသည့် ကိုဗစ်-၁၉ ရောဂါ၏ ရေရှည်သက်ရောက်မှုကို အကဲဖြတ်နိုင်ရန် အသက်အရွယ်အလိုက် ပိုမိုတိကျသော အချက်အလက်များကို စုဆောင်းထားရန် အရေးတကြီး လိုအပ်ကြောင်း အမေရိကန်ကလေး အထူးကုဆေးပညာကျောင်းနှင့် ကလေးများဆေးရုံအသင်းက ပြောကြားသည်။

 

ကလေးငယ်များ၏ ကျန်းမာရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ချက်ချင်းသက်ရောက်မှုရှိနေသည်ကို မိမိတို့အနေဖြင့် အသိအမှတ်ပြုရန် အရေးကြီးကြောင်း၊ သို့သော် ဤမျိုးဆက်သစ်ကလေးငယ်များနှင့် လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရေရှည်သက်ရောက်မှုကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း ကလေးအထူးကုဆေးပညာကျောင်းနှင့် ကလေးများဆေးရုံအဖွဲ့က ထပ်လောင်းပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ       
ဘာသာပြန် - ဂျေတီ