အမေရိကန်၌ ရောဂါကြောင့် သီးခြားခွဲထားသည့်ကာလကို လျှော့ချရန် စီဒီစီအကြံပေးထား

ဝါရှင်တန် ဒီဇင်ဘာ ၂၉

 

အမေရိကန်တွင် ဝန်ထမ်းအင်အား ပြတ်တောက်မှု ဖြစ်စဉ်များကို စိုးရိမ်သည့်အတွက် ကိုဗစ်-၁၉ ကူးစက်ခံထားရသူများကို သီးခြားခွဲထားသည့် ကာလကို ၁၀ ရက်မှ ၅ ရက်အထိ လျှော့ချရန် အမေရိကန် ကျန်းမာရေးအာဏာပိုင်များက ထောက်ခံချက်ပေးခဲ့သည်။

 

ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် လမ်းညွှန်မှုများကို အသစ်ထုတ်ပြန်ထားကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(စီဒီစီ) က ပြောသည်။ အသစ်ထုတ်ပြန်ထားသည့် လမ်းညွှန်မှုများအရ ကိုဗစ်-၁၉ ကူးစက်ခံထားရသူများအတွက် သီးခြားခွဲနေထိုင်ရမည့်ကာလကို ငါးရက်ဖြစ်သင့်သည်ဟု ဖော်ပြထားပြီး အကယ်၍ အဆိုပါ ကာလအပြီး ရောဂါလက္ခဏာမပြပါက သီးခြားခွဲထားမှုကို ရပ်တန့်သင့်သည်ဟု ဖော်ပြထားသည်။ ။

 

ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးရသေး သည်ဖြစ်စေ ယင်းသို့လုပ်ဆောင်နိုင်ကြောင်း ဖော်ပြထားသည်။ နောက်ထပ် ငါးရက်တာကာလအတွင်း ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရမည်ဖြစ်ပြီး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် လိုပါကလည်း ဝင်ရောက်နိုင်သည်ဟု ဖော်ပြထားသည်။

 

ဗိုင်းရပ်စ်နှင့် ထိတွေ့မှုရှိသော်လည်း တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသား သို့မဟုတ် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးသည်မှာ ခြောက်လအတွင်းရှိပြီး ဗိုင်းရပ်စ်နှင့် ထိတွေ့မှုရှိကာ ၁၀ ရက်အတွင်း ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ထားပါက သီးခြားခွဲနေထိုင်ရန်မလိုဟု သိရသည်။

 

မကြာသေးမီက တွေ့ရှိခဲ့သော လေ့လာမှုများ အပေါ်မူတည်ကာ စီဒီစီမှ ညွှန်ကြားမှုများကို အသစ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်၌ အိုမီခရွန် ကူးစက်မှုမှာ ပျံ့နှံ့နေပြီး အလုပ်သမားပြတ်လပ်မှု ပြဿနာမှာ စိုးရိမ်စရာ ကောင်းသည့် ပြဿနာ ဖြစ်လာသည်။

 

အင်န်အိတ်ချ်ကေ