အမေရိကန်၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်သိန်းကျော်ရှိ

 

နယူးယောက် သြဂုတ် ၉

အမေရိကန်ပြည်နယ်တချို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှုန်း ကျဆင်းလာခြင်းနှင့် ကူးစက်မြန် ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေခြင်းကြောင့် သြဂုတ် ၇ ရက်က အမေရိကန် ပြည်ထောင်စုတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ တစ်သိန်းကျော်အထိ မြင့်တက်လာခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဆောင်းရာသီကတည်းက နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်လာသည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သည့် ခုနစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူပေါင်း ၁၀၇၁၄၃ ဦးရှိပြီး ထိုရောဂါဖြင့် သေဆုံးမှုနှုန်းမှာ ၅၀၀ နီးပါးရှိကြောင်း ဂျွန်ဟော့ကင်းစ် တက္ကသိုလ်၏ အချက်အလက်များအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလအစောပိုင်းက အမေရိကန် ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှု အရေအတွက်မှာ သုံးသိန်းခန့်ရှိပြီး ဇွန်လနှောင်းပိုင်းတွင် ရောဂါကူးစက်မှုနှုန်း သိသိသာသာကျဆင်းလာခဲ့သည်။ ။ တစ်ချိန်တည်းမှာပင် အမေရိကန်ကျန်းမာရေး အာဏာပိုင်များက အမေရိကန်နိုင်ငံသားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူရန် ငြင်းဆန်နေပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်လာမည်ဖြစ်ကြောင်း သတိပေးလျက်ရှိသည်။

အကယ်၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုမခံယူပါက ယခုနှစ် ဇန်နဝါရီလကဲ့သို့ပင် ကိုဗစ်-၁၉ ရောဂါမြင့်မားမှုနှင့် ရင်ဆိုင်ကြုံတွေ့မည်ဖြစ်ကြောင်း အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာ ညွှန်ကြားရေးမှူး ရိုဆလဲလ်ဝါလဲန်စကီ က စီအင်န်အင်န်သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့က ဖလော်ရီဒါပြည်နယ် တစ်ခုတည်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၉၀၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး သီတင်းပတ်တစ်ပတ် အတွင်း ကူးစက်မှုအများဆုံး တတိယနေ့အဖြစ် စံချိန်တင်ခဲ့သည်။

ဖလော်ရီဒါပြည်နယ်တွင် ပြည်နယ်၏လူဦးရေ ၄၉ ရာခိုင်နှုန်းခန့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ပြီးဖြစ်သော်လည်း ကယ်လီဖိုးနီးယားနှင့် နယူးယောက်ကဲ့သို့ အခြားကြီးမားသော ပြည်နယ်များထက် ကာကွယ်ဆေးထိုးနှံမှု ခံယူသူဦးရေနည်းပါးသည်။ သို့သော် တက္ကဆက်၊ မစ္စစ္စပီနှင့် အလာဘားမားပြည်နယ်တို့ထက် ကာကွယ်ဆေးထိုးနှံမှုခံယူသူဦးရေ ပိုမိုများပြားကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာ၏အချက်အလက်များအရ သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ