အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်ရှိ ဈေးဝယ်စင်တာတွင်ပစ်ခတ်မှုဖြစ်ပွား လေးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ဇူလိုင် ၁၈

 

အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း အင်ဒီယားနားပြည်နယ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ယမန်နေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ သေနတ်သမားအပါအဝင် လေးဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

 

အင်ဒီယားနားပြည်နယ်၏မြို့တော် အင်ဒီယားနားပိုလစ်၏တောင်ဘက် Greenwood Park Mall ၏ အစားအသောက်ဆိုင်တွင် ဒေသစံတော်ချိန် ည ခြောက်နာရီဝန်းကျင်က ထိုပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ရိုင်ဖယ်သေနတ်တစ်လက်နှင့် ကျည်များစွာသယ်ဆောင်လာသော အရွယ်ရောက်ပြီးအမျိုးသားတစ်ဦးသည် ထိုအစားအသောက်ဆိုင်သို့ဝင်ရောက်လာပြီး စတင်ပစ်ခတ်ခဲ့သည်။

 

အဆိုပါပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးပြီး အခြားနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဂရင်းဝုဒ်မြို့ရဲချုပ်ဂျိမ်းအိုင်ဆွန်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။ ယင်းပစ်ခတ်မှုဖြစ်ပွားရာနေရာမှာပင် လက်နက်ကိုင်ဆောင်သူတစ်ဦးက ထိုသေနတ်သမားကို ပစ်သတ်လိုက်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။ ထိုသေနတ်သမား၏ ပစ်ခတ်ရသည့်အကြောင်းရင်းကိုမူ မသိရှိရသေးပေ။

 

ထို Greenwood Park Mall အဆောက်အအုံသည် အင်ဒီယားနားတွင် ဒုတိယအကြီးဆုံးမိုးလုံလေလုံဈေးဝယ်စင်တာဖြစ်ပြီး ၁၉၆၅ နှစ်က ဆောက်လုပ်ထားခြင်း ဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုတွင် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။ နိုင်ငံတစ်ဝန်းတွင် ယခုနှစ်အစပိုင်းမှစတင်ကာ သေနတ်ဖြင့်အကြမ်းဖက်မှုအကြိမ်ပေါင်း ၃၂၀ ရှိပြီး အကြမ်းဖျင်းအားဖြင့် ထိုအကြမ်းဖက်ပစ်ခတ်မှုတို့ကြောင့် လူပေါင်း ၂၂၅၀၀ သေဆုံးခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို