အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ လေယာဉ်ငယ်တစ်စင်းပျက်ကျသဖြင့် လူတစ်ဦးသေဆုံး

ဧပြီ ၂၁

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အနောက်ပိုင်း လော့အိန်ဂျလိစ်မြို့ရှိ အဝေးပြေးလမ်းမကြီးအနီးတွင် ယမန်နေ့က လေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့ပြီးနောက် လူတစ်ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

 

လော့အိန်ဂျလိစ်မြို့ ဆင်ခြေဖုံးရပ်ကွက်ဖြစ်သော ဆလ်မားရှိ ၂၁၀ အဝေးပြေးလမ်းတမံပေါ်တွင် ည ၁၂ နာရီ ၃၀ မိနစ်ခန့်က ထိုလေယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း လော့အိန်ဂျလိစ်မီးသတ်ဌာန၏ ပြောကြားချက်အရ သိရသည်။

 

တာဝန်ရှိသူများက အဆိုပါလေယာဉ်ပျက်ကျမှုတွင် လူတစ်ဦးသေဆုံးကြောင်း အတည်ပြုပြောကြားခဲ့ပြီး ထိုသေဆုံးသူ၏ အသက်နှင့်မည်သူမည်ဝါဖြစ်သည်ကို ယခုအချိန်အထိ မသိရှိရသေးကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

 

ထိုပျက်ကျလေယာဉ်အတွင်းရှာဖွေခဲ့ရာ အခြားသော သေဆုံးသူ ထပ်မံတွေ့ရှိခြင်းမရှိကြောင်း ထိုမီးသတ်ဌာနက ပြောကြားသည်။

 

ယင်းလေယာဉ်ပျက်ကျမှုမှမီးလောင်ကျွမ်းခြင်းမရှိခဲ့ဟု တာဝန်ရှိသူများက ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို