မတ် ၂၂
အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံးတက္ကဆက်ပြည်နယ်တွင် လွန်ခဲ့သောနှစ်လခန့်ကစတင်၍ ဝက်သက်ရောဂါဖြစ်ပွားခဲ့ရာ ယင်းရောဂါဖြစ်ပွားသူ ၃၀၉ ဦးအထိရှိလာကြောင်း တက္ကဆက်ကျန်းမာရေးဌာနက ယမန်နေ့ကပြောကြားသည်။
တက္ကဆက်ပြည်နယ်တွင် ဝက်သက်ရောဂါဖြစ်ပွားသူဦးရေသည် ၂၀၂၄ ခုနှစ်က နိုင်ငံတစ်ဝန်း ဝက်သက်ရောဂါဖြစ်ပွားသူဦးရေထက် ပိုမိုကျော်လွန်ခဲ့သည်ဟု သိရသည်။
လက်ရှိအချိန်အထိ ဝက်သက်ရောဂါဖြစ်ပွားသူ ၄၀ ထက်မနည်း ဆေးရုံတက်ကုသမှုခံလျက်ရှိကြောင်းနှင့် အသက် ၅ နှစ်မှ ၁၇ နှစ်ကြားအရွယ်များ ဝက်သက်ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၁၃၀ ရှိကြောင်း ဖော်ပြထားသည်။
ဝက်သက်ရောဂါဖြစ်ပွားမှုသည် လပေါင်းများစွာ သို့မဟုတ် တစ်နှစ်ကြာသည်အထိ ဆက်လက်၍ကူးစက်ပျံ့နှံ့နေမည် ဖြစ်ကြောင်း ဒေသန္တရကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။
ယခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင် ဝက်သက်ရောဂါနှင့်ဆက်စပ်သေဆုံးသူ နှစ်ဦးရှိပြီး အနည်းဆုံးပြည်နယ် ၁၇ ခုတွင် ဝက်သက်ရောဂါဖြစ်ပွားသူ ၃၇၈ ဦး ရှိကြောင်း ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာက အတည်ပြုထားသည်။
နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သောနှစ်က ဝက်သက်ရောဂါဖြစ်ပွားသူ ၂၈၅ ဦးရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို