အမေရိကန်နိုင်ငံအနောက်ပိုင်း၌ လေယာဉ်ငယ်ပျက်ကျမှုကြောင့် လူနှစ်ဦးသေဆုံး

မေ ၂၃

အမေရိကန်နိုင်ငံ အနောက်ပိုင်း ကော်လိုရာဒိုပြည်နယ်တွင် ယမန်နေ့မွန်းလွဲပိုင်းက အင်ဂျင်တစ်လုံးတပ် လေယာဉ်တစ်စင်း ပျက်ကျခဲ့သဖြင့် ထိုလေယာဉ်ပေါ်ပါ လူနှစ်ဦးသေဆုံးခဲ့သည်ဟု ဒေသန္တရရဲတပ်ဖွဲ့က တွစ်တာပေါ်တွင် ရေးသားထားသည်။

အဆိုပါပြည်နယ်မြို့တော် ဒန်ဗာ၏အပြင်ဘက် ၂၅ ကီလိုမီတာအကွာရှိ အီရီလေဆိပ်၏ တောင်ဘက်ရပ်ကွက် အန်တမ်ရန့်ရှ်တွင် ထိုလေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဘရွန်ဖီးရဲတပ်ဖွဲ့က ပြောကြားသည်။

ဒေသန္တရစီဘီအက်စ်ဖိုးသတင်းချန်နယ်မှ ဖော်ပြသော ပုံများအရ ၎င်းလေယာဉ်သည် ထိုမြို့ရှိ လမ်းမဘေးသစ်ပင်ခြေတွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး အင်ဂျင်သည် လေယာဉ်ကိုယ်နှင့် ကွဲထွက်သွားသည်ကို တွေ့ရသည်။

ဘေးပတ်ဝန်းကျင်ရှိလူများ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်းနှင့် နေအိမ်များ ပျက်စီးမှုမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်နှစ်ပတ် နီးပါးကလည်း ဘရွန်ဖီးတွင် လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လူတစ်ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို