အမေရိကန်နိုင်ငံအတွင်း Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ဖြန့်ချိ

ဝါရှင်တန်၊ ၂၂ ဒီဇင်ဘာ

 

အမေရိကန်နိုင်ငံအတွင်း Moderna ဆေးဝါးကုမ္ပဏီက ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ဖြန့်ချိခဲ့ကြောင်း သိရသည်။

 

အဆိုပါ Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အရေးပေါ်အသုံးပြုမှုကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ဒီဇင်ဘာ ၁၈ ရက်တွင် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နှင့် ဂျာမနီဆေးဝါးကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပြီးပါက အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက အရေးပေါ်အသုံးပြုမှုအတွက် အတည်ပြုပေးခဲ့သည့် ဒုတိယမြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖြစ်သည်။

 

အမေရိကန်အစိုးရသည် လာမည့်လအစောပိုင်းတွင်လည်း Pfizer နှင့် BioNTech တို့ ပူးပေါင်းထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတို့မှ နှစ်မျိုးပေါင်း ကာကွယ်ဆေးအလုံးရေ သန်း ၂၀ ကို နိုင်ငံတစ်ဝန်းသို့ ဖြန့်ချိရန် ရည်ရွယ်လျက်ရှိကြောင်းလည်း သိရသည်။

 

ပထမဆုံး ကာကွယ်ဆေးထိုးနှံမည့်သူစာရင်းတွင် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် အသက်အရွယ်ကြီးရင့်သူများ ပါဝင်မည်ဖြစ်ကြောင်းလည်းသိရသည်။ Moderna ဆေးဝါးကုမ္ပဏီသည် လာမည့်နှစ် စက်တင်ဘာလတွင် ဂျပန်နိုင်ငံ မှ ပြည်သူ ၂၅ သန်းအတွက် ကာကွယ်ဆေးများ ထောက်ပံ့ပေးရန် စာချုပ်ချုပ်ဆိုထားကြောင်းလည်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ၊

ဘာသာပြန်- အလင်းသစ်