အမေရိကန်နိုင်ငံက ကာကွယ်ရေးထောက်ပံ့ပစ္စည်းများ ယူကရိန်းနိုင်ငံသို့ ပေးပို့

ဝါရှင်တန် မတ် ၆

အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံ အားထောက်ပံ့ပေးရန် သဘောတူညီထားသည့် အမေရိကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိ ကာကွယ်ရေးထောက်ပံ့မှု၏ ၇၀ ရာခိုင်နှုန်းကို ယူကရိန်းနိုင်ငံသို့ ပေးပို့ပေးခဲ့ကြောင်း ယမန်နေ့သတင်းများအရ သိရသည်။

အဆိုပါ ကာကွယ်ရေးပစ္စည်းများတွင် သံချပ်ကာကားဖျက်လက်နက်များပါဝင်သည်။ ထို့ပြင် ထောက်ပံ့ပေးရန် ကျန်ရှိနေသေးသည့် ကာကွယ်ရေးပစ္စည်းထောက်ပံ့မှု ၃၀ ရာခိုင်နှုန်းကို လာမည့် ရက်သတ္တပတ်အတွင်း ပေးပို့သွားမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာနမှ ထိပ်တန်းတာဝန်ရှိ သူတစ်ဦးက ဆိုသည်။

ယူကရိန်းနိုင်ငံ၏ လေပိုင်နက်တွင် ပြိုင်ဆိုင်မှုများ မြင့်တက်လျက်ရှိရာ ယူကရိန်းက ၎င်း၏ တိုက်လေယာဉ်များကို ထိန်းသိမ်းထားပြီး ဒုံးကျည်ကာကွယ်ရေး စနစ်များကို ထိရောက်စွာ အသုံးပြုရန် လိုအပ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယူကရိန်းနိုင်ငံနယ်စပ်တွင် တပ်ဖြန့်ထားသည့် ရုရှားတပ်ဖွဲ့ဝင်များ၏ ၉၂ ရာခိုင်နှုန်းသည် လက်ရှိအချိန်တွင် ယူကရိန်း နိုင်ငံအတွင်းသို့ ရောက်ရှိပြီးဖြစ်ကြောင်းနှင့် ဒုံးကျည်အစင်းပေါင်း ၅၀၀ ကျော်ကိုလည်း ယူကရိန်းနိုင်ငံအတွင်း ပစ်ခတ်ပြီး ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်