အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦး  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

၂၈ အောက်တိုဘာ

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးသည် မကြာသေးမီက ဉရောပခရီးသွားရောက်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည်ဟု အမေရိကန်မီဒီယာက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန မူဝါဒရေးဆွဲရေးဆိုင်ရာညွှန်ကြားရေးမှူး ပီတာ ဘာကော့ဇ် သည် ဗြိတိန်၊ ဟန်ဂေရီနှင့် ပြင်သစ်နိုင်ငံများသို့ ယခုလအစောပိုင်းက သွားရောက်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်တွေ့ရှိခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကားပြီး ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြထားသည်။

 

ဘာကော့ဇ်သည် ထိုခရီးစဉ်အတွင်း နှာခေါင်းစည်း ဝတ်ဆင်ခြင်းနှင့် ခပ်ခွာခွာနေထိုင်ခြင်း အလေ့အကျင့်များ အားနည်းခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

သို့ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတစ်ဦးက ဘာကော့ဇ်သည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်မှုများပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး နှာခေါင်းစည်းအသုံးပြုမှုလုံလောက်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်ဟု သိရသည်။

 

အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က ထုတ်ပြန်သော စာရင်းအရ အမေရိကန်ပြည်ထောင်စုတွင်  ယမန်နေ့က အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈ ဒသမ ၇၇ သန်းကျော်ရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၂၆၆၀၀ ကျော် ရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို