အမေရိကန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု၏လေးပုံသုံးပုံနီးပါးရှိ

ဧပြီ ၇

အမေရိကန်နိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် BA.2 ကူးစက်ခံရသူဦးရေသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု၏ လေးပုံသုံးပုံနီးပါးရှိသည်ဟု သတ်မှတ်ထားကြောင်း အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ(စီဒီစီ)၏ နောက်ဆုံး ထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့်သီတင်းပတ်အထိ ကိုဗစ်-၁၉  ရောဂါကူးစက်ခံရမှု၏ ၇၂ ဒသမ ၂ ရာခိုင်နှုန်းသည် BA.2 ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ကြောင်း စီဒီစီ၏အချက်အလက်အရ သိရသည်။

ထိုအချက်အလက်အရ ယခင်ရက်သတ္တပတ်နှစ်ပတ်က ကိုဗစ်ရောဂါကူးစက်မှု ၄၂ ဒသမ ၄ ရာခိုင်နှုန်းနှင့် ပြီးခဲ့သည့်သီတင်းပတ်က ၅၇ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ မြင့်တက်လာခြင်းဖြစ်သည်။

မူလအိုမီခရွန်ဗီဇပြောင်းကူးစက်မှုအရေအတွက်နှင့်နှိုင်းယှဉ်ပါက အဆိုပါဗီဇပြောင်းကူးစက်မှုသည် တဖြည်းဖြည်းပို၍မြင့်မား လာပြီး အမေရိကန်နိုင်ငံတွင် ကူးစက်မှုများပြားသော ဗိုင်းရပ်စ်ဖြစ်လာသည်။ 

BA.2 မျိုးကွဲကူးစက်မှုသည် မူလ BA.1 အိုမီခရွန်ဗီဇပြောင်းကူးစက်မှုထက် ၃၀ ရာခိုင်နှုန်းပိုမိုကူးစက်ဖွယ်ရှိသည်ဟု အစောပိုင်းလေ့လာမှုတွင် အကြံပြုထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို