အမေရိကန်နိုင်ငံ၌ ကိုဗစ်မျိုးကွဲ ဘီအေ-၄၊ ဘီအေ-၅ အမျိုးအစားကူးစက်ခံရသူဦးရေမှာ ကိုဗစ်-၁၉ရောဂါ ထပ်မံကူးစက်မှု၏ ၇၀ ရာခိုင်နှုန်းရှိ

ဇူလိုင် ၇

 

အမေရိကန်နိုင်ငံတွင် အိုမီခရွန်မျိုးကွဲ ဘီအေ-၄၊ ဘီအေ-၅ အမျိုးအစားကူးစက်ခံရသူဦးရေသည် ကိုဗစ်ရောဂါ ထပ်မံကူးစက်မှု၏ ၇၀ ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

 

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (စီဒီစီ )က ဇူလိုင် ၂ ရက်နေ့အထိ ၎င်းတို့၏အပတ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အဆိုပါစီဒီစီ၏ ခန့်မှန်းတွက်ချက်မှုအရ ကိုဗစ်မျိုးကွဲ ဘီအေ-၅ အမျိုးအစားကူးစက်ခံရသူဦးရေသည် နိုင်ငံတစ်ဝန်းရှိ ကိုဗစ်ရောဂါထပ်မံကူးစက်မှု၏ ၅၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ဘီအေ-၄  အမျိုးအစားကူးစက်ခံရသူဦးရေသည် ကိုဗစ်ရောဂါထပ်မံကူးစက်မှု၏ ၁၆ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

 

အမေရိကန်နိုင်ငံတွင် မေလလယ်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူဦးရေမှာ တစ်သိန်းဝန်းကျင်တွင်ရှိကြောင်း သိရသည်။

 

မြေပြင်ကူးစက်ခံရသူဦးရေမှာ စီဒီစီ၏ဖော်ပြချက်ထက် ပိုမိုမြင့်မားသည်ဟု ယူဆရသည်။

 

ဇူလိုင် ၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ဆေးရုံတက်ကုသမှုဦးရေသည် ပြီးခဲ့သည့်လ ယင်းကာလမှ အပတ်စဉ်ပျမ်းမျှ ၁၄ ရာခိုင်နှုန်းခန့်မြင့်တက်လာသည်။

 

အမေရိကန်အစိုးရက ဆေးဝါးကုမ္ပဏီများအား ၎င်းတို့၏ ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမည့်ဆေးများတွင် ကိုဗစ်မျိုးကွဲ ဘီအေ-၄ နှင့် ဘီအေ-၅ ရောဂါကူးစက်မှုကိုခုခံကာကွယ်နိုင်မည့်လိုအပ်သည်များထည့်သွင်းထုတ်လုပ်ရန် အကြံပြုထားသည်ပြီး အသက် ၅၀ နှင့်အထက်အရွယ်ရှိသူများကိုလည်း  ကိုဗစ်ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံကြရန် ပြောကြားထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို