အမေရိကန်နိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင် ပထမဆု ဆွတ်ခူးရရှိ

၁၁ စက်တင်ဘာ 

အမေရိကန်နိုင်ငံ၌ စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်ထိ ကျင်းပသည့် True Blue – 2019 Golfweek Program Championship ပြိုင်ပွဲတွင် မြန်မာဂေါက်သီးအားကစားမယ် ဖူးပွင့်ရတီခိုင် ပထမဆုဆွတ်ခူးရရှိခဲ့သည်။

ဖူးပွင့်ရတီခိုင်သည် အမေရိကန်နိုင်ငံရှိ University of North Carolina Wilmington (UNCW) တွင် ပညာသင်ကြားနေသော ကျောင်းသူတစ်ဦးဖြစ်ပြီး အမေရိကန်၌ ကျင်းပလျက်ရှိသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ အောင်မြင်မှုများလည်း ရယူနိုင်ခဲ့သည်။ ဖူးပွင့်ရတီခိုင်သည် ယခုပြိုင်ပွဲ ပထမနေ့နှင့် ဒုတိယနေ့တွင် (၇၁)ချက်၊ တတိယနေ့တွင် (၆၇)ချက်ဖြင့် သုံးရက်ပေါင်းရိုက်ချက် (၂၀၉) ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၇)ချက်လျော့ရိုက်ကာ ပထမဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကစားသမား (၇၈)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ- ဂေါက်သီးအဖွဲ့ချုပ်