အမေရိကန်နိုင်ငံ၌ ပထမဆုံး အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိ

ဝါရှင်တန် ဒီဇင်ဘာ ၃ 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူကြရန် အိမ်ဖြူတော်မှ ကျန်းမာရေးဆိုင်ရာအကြံပေး အန်ထော်နီဖောက်ချီက ယမန်နေ့တွင် တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းဗိုင်းရပ်စ်ကူးစက်ခံရသူသည် နိုဝင်ဘာ ၂၂ ရက်တွင် တောင်အာဖရိကနိုင်ငံမှ အမေရိကန်သို့ ပြန်လာသူခရီးသည်တစ်ဦး ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသားများသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းမှ တားဆီးနိုင်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အိမ်ဖြူတော်ရှိ သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားသည်။ နိုင်ငံအတွင်း နိုဝင်ဘာ ၃၀ ရက်အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသူပေါင်း ၁၉၇ ဒသမ ၁ သန်း ရှိကြောင်းနှင့် ကာကွယ်ဆေးအပိုဆောင်းထိုးနှံပြီးစီးသူပေါင်း ၄၁ ဒသမ ၁ သန်း ရှိကြောင်း အမေရိကန်ရောဂါပိုးမွှား ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာမှ အချက်အလက်များအရ သိရသည်။ ယခုကမ္ဘာပေါ်တွင် တွေ့ရှိရသော အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်သည် စိုးရိမ်ဖွယ်ကောင်းသော ဗီဇပြောင်းဗိုင်းရပ်စ် အမျိုး အစားဖြစ်ပြီး အဆိုပါဗီဇပြောင်းဗိုင်းရပ်စ်အား မိမိတို့ အတူတကွ ရင်ဆိုင်တိုက်ဖျက်သွားရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားသည်။

အမေရိကန်အစိုးရသည် နိုဝင်ဘာလနှောင်းပိုင်းမှ စတင်၍ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်တွေ့ရှိရသော အာဖရိကနိုင်ငံများမှ ခရီးသည်များအား နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့သည်။ အမေရိကန်နိုင်ငံမှ တောင်အာဖရိကသို့ ပြေးဆွဲလျက်ရှိသည့် လေကြောင်းလိုင်းများသည် ခရီးသည်များ၏ ကိုယ်ရေးအချက်အလက်များကို ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ညွှန်ကြားထားသည်။ ယခုကမ္ဘာပေါ်တွင် တွေ့ရှိရသော အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်၏ ကူးစက်ပျံ့နှံ့မှုသည် မြင့်မားလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ