ဇန်နဝါရီ ၉
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် တောမီးများလောင်ကျွမ်းမှုကြောင့် အဆောက်အအုံ ၁၁၀၀ ကျော် မီးလောင်ပျက်စီးပြီး ငါးဦးထက်မနည်းသေဆုံးခဲ့ကြောင်း မီးသတ်တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါတောမီးသည် လော့စ်အိန်ဂျလိစ်မြို့အနီး Pacific Palisades တွင် ဇန်နဝါရီ ၇ ရက်က လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လေပြင်းများတိုက်ခတ်မှုကြောင့် တောမီးများလျင်မြန်စွာကူးစက်ပျံ့နှံ့ခဲ့သည်။ စတုရန်းကီလိုမီတာ ၆၄ ခန့် မီးပျံ့နှံ့လောင်ကျွမ်းခဲ့သည်ဟု သိရသည်။
အင်န်အိတ်ချ်ကေသတင်းအဖွဲ့သားများက ကမ်းရိုးတန်လမ်းတွင်မီးခိုးမည်းများဖုံးလွှမ်းနေသည်ကို ယမန်နေ့က မြင်တွေ့ခဲ့ပြီး စားသောက်ဆိုင်များနှင့် နေအိမ်များ မီးလောင်ပျက်စီးနေပုံကိုလည်း မြင်တွေ့ခဲ့ကြသည်ဟု သိရသည်။
လော့စ်အိန်ဂျလိစ်မြို့၏အရှေ့မြောက်ပိုင်းတွင် လောင်ကျွမ်းသောမီးသည် လူနေရပ်ကွက်များဆီသို့လည်း ပျံ့နှံ့လောင်ကျွမ်းခဲ့သည်။ ဒေသခံပေါင်း ၁၀၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ကြရန် အမိန့်ပေး၊ သတိပေးချက်ထုတ်ပြန်ထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူများကဆိုသည်။
လော့စ်အိန်ဂျလိစ်နှင့်အနီးဝန်းကျင်ဧရိယာတွင် ဇန်နဝါရီ ၁၀ ရက်နေ့အထိ လေပြင်းများတိုက်မည်ဖြစ်ကြောင်း မိုးလေဝသဌာနကပြောကြားသည်။ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာထားကာမီးလောင်ကျွမ်းမှုများကိုထိန်းချုပ်ရန်အခြားပြည်နယ်များမှအကူအညီကိုလက်ခံရယူလျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို