အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှုအဆုံးသတ်ရေး တရုတ်နိုင်ငံက ဦးဆောင်ပြီး ကုလသမဂ္ဂမှာ တောင်းဆို

၆ အောက်တိုဘာ

တရုတ်၊ ရုရှား နဲ့ တခြား နိုင်ငံ ၂၀ ကျော် က အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ တစ်ဖက်သတ်ဆန်တဲ့ ပိတ်ဆို့ အရေးယူမှု အဆုံးသတ်ရေးကို ကုလသမဂ္ဂမှာ တောင်းဆိုလိုက်ပါတယ်။ ပိတ်ဆို့အရေးယူမှုကြောင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို ကိုင်တွယ်ရာမှာ ပိုမိုခက်ခဲတဲ့အတွက် အခုလို တောင်းဆို ရတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ကုလသမဂ္ဂမှာ တင်သွင်းတဲ့ ထုတ်ပြန်ချက်ကို တရုတ်သံအမတ် ဇောင်ဂျန် ဖတ်ပြရာတွင် အမေရိကန်နိုင်ငံဟာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း၊ စနစ်တကျလူမျိုးခွဲခြားခြင်းနဲ့ နိုင်ငံတွေကို စီးပွားရေးပိတ်ဆို့ထားခြင်းအားဖြင့် ဖွံ့ဖြိုးမှု နောက်ကျအောင် လုပ်ဆောင်နေကြောင်း ပြောပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကနေ ပြန်လည်ထူထောင်ရေးလုပ်ရာမှာ ကမ္ဘာလုံးဆိုင်ရာ စည်းလုံး ညီညွတ်ရေးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးရှိဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂမှာ တင်သွင်းတဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှုကို ဆန့်ကျင်တဲ့ နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ အီရန်၊ နီကာရာဂွာ၊ ဗင်နီဇွဲလား နဲ့ တခြားနိုင်ငံတွေက အဲဒီထုတ်ပြန်ချက်မှာ လက်မှတ်ရေးထိုးပါတယ်။

 

MDN

ကိုးကား- AFP